COVID-19 ကူးစက်မှု တစ်ရှိန်ထိုးတက်နေစဉ် ကာကွယ်ဆေး အရေးပေါ်ခွင့်ပြုချက် ထုတ်ပေးရန် အိန္ဒိယ စဉ်းစား

COVID-19 ကူးစက်မှု တစ်ရှိန်ထိုးတက်နေစဉ် ကာကွယ်ဆေး အရေးပေါ်ခွင့်ပြုချက် ထုတ်ပေးရန် အိန္ဒိယ စဉ်းစား

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးအတွက် အရေးပေါ်ခွင့်ပြုချက်တစ်ခု ခွင့်ပြုပေးရန် စဉ်းစားနေကြောင်း အာဏာပိုင်တို့က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ပြောကြားသည်။ 

အထူးသဖြင့် သက်ကြီးများနှင့် ဗိုင်းရပ်စ်အန္တရာယ် အမြင့်ဆုံးဖြစ်နေသည့် အလုပ်နေရာများရှိ ပြည်သူများအတွက် ဖြစ်ကြောင်း သိရသည်။ 

ယင်းနိုင်ငံတွင် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေသည် ၄ ဒသမ ၇၅ သန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ 

ယခုလအတွင်း COVID-19 ကြောင့် နေ့စဉ် သေဆုံးမှုနှုန်း ၁,၀၀၀ ကျော်အထက်တွင် တစ်သမတ်တည်း ရှိနေခဲ့သည့် အိန္ဒိယနိုင်ငံတွင် ယခုအခါ  COVID-19 ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၇၈,၅၈၆ ဦး ရှိနေပြီဖြစ်သည်။ 

ထို့ပြင် အိန္ဒိယနိုင်ငံသည် ယခုအခါ ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ဒုတိယမြောက် အများဆုံးရှိနေသည့် နိုင်ငံ ဖြစ်နေသည်။ ယင်းအပြင် သြဂုတ်လလယ်နောက်ပိုင်းတွင် ယင်းနိုင်ငံ၏ နေ့စဉ် ဗိုင်းရပ်စ် ကူးစက်သူတွေ့ရှိမှုနှုန်းသည် အမေရိကန်ထက်ပင် ပိုများနေပြီဖြစ်သည်။ 

“ COVID-19 ကာကွယ်ဆေးတစ်ခုကို အရေးပေါ် ခွင့်ပြုချက် ထုတ်ပေးဖို့ အိန္ဒိယအာဏာပိုင်တွေအနေနဲ့ စဉ်းစားနေပါတယ်၊ အများသဘောဆန္ဒ ရမယ်ဆိုရင် ဒါကို ဆက်လုပ်သွားကောင်းသွားနိုင်ပါတယ်၊ အထူးသဖြင့်တော့ သက်ကြီးတွေနဲ့ ဗိုင်းရပ်စ်အန္တရာယ်အမြင့်ဆုံးနေရာတွေမှာ လုပ်ကိုင်နေကြရသူတွေအတွက်ပေါ့” ဟု ကျန်းမာရေးဝန်ကြီး Harsh Vardhan က ပြောသွားသည်။ 

အရေးပေါ် ခွင့်ပြုချက်ပေးခြင်းအားဖြင့် ကာကွယ်ဆေး အဆင့်သုံး လက်တွေ့စမ်းသပ်မှုများ၏ အချိန်ကာလကို တိုတောင်းသွားစေနိုင်ကြောင်း၊ သို့သော် လက်တွေ့စမ်းသပ်မှုများတွင် ပြီးစလွယ် လုပ်မည်မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် ယင်းကာကွယ်ဆေး၏ ဘေးကင်းမှု၊ ထိရောက်မှုကို သေချာ အာမခံနိုင်ချိန်မှသာ ကာကွယ်ဆေးကို အသုံးပြု၍ ရစေနိုင်မည်ဖြစ်ကြောင်း Vardhan က ပြောသွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly