ခရီးသွားလာမှု ကန့်သတ်ထားချိန် ထိုင်းမှာ လေယာဉ်ကော်ဖီဆိုင်တွေ ဖွင့်လှစ်ရောင်းချ

ခရီးသွားလာမှု ကန့်သတ်ထားချိန် ထိုင်းမှာ လေယာဉ်ကော်ဖီဆိုင်တွေ ဖွင့်လှစ်ရောင်းချ

စက်တင်ဘာ ၁၄

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း လူသန်းနဲ့ချီတို့ နေအိမ်တွေမှာပဲ ရှိနေကြချိန် ထိုင်းနိုင်ငံက “လေယာဉ် ကော်ဖီဆိုင်” တွေကတော့ လာရောက်အားပေးသူတွေကို တကယ့် ကောင်းကင်ယံပေါ် ရောက်နေသလားလို့တောင် ထင်မှတ်စေမယ့် အခွင့်အရေးတွေ ကမ်းလှမ်းပေးလျက် ရှိပါတယ်။

ပင်လယ်ကမ်းခြေမြို့ ပတ္တယားမှာ အနားပေးထားတဲ့ ခရီးသည်တင်လေယာဉ်ဟောင်းတစ်စင်းပေါ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာတော့ ကော်ဖီလာရောက်သောက်သုံးသူတွေဟာ ပထမတန်းပုံစံ ထိုင်ခုံတွေ မှာ ဇိမ်ချချ ထိုင်ပြီး ကော်ဖီသောက်သုံးကြသလို ဦးခေါင်းပေါ်မှာ ရှိနေတဲ့ လော့ကာတွေနဲ့အတူ ဓာတ်ပုံတွေလည်း ရိုက်ကူးကြပါတယ်။

လေယာဉ်တက်ခွင့်လက်မှတ်တွေ ကိုင်ဆောင်ထားကြတဲ့ စားသုံးသူတစ်ချို့ဟာဆိုရင် ယုတ်စွအဆုံး လေယာဉ်မှူးအခန်းကိုတောင် ရွေးချယ်ကြပါတယ်။

“ဒီ ကော်ဖီဆိုင်မှာတော့ ကျွန်မဟာ ပထမတန်း ထိုင်ခုံတွေမှာ ထိုင်လို့ရပါတယ်၊ ပြီးတော့ လေယာဉ်မှူးအခန်းထဲတောင် သွားလို့ရပြီး ကိုယ်တိုင် လေယာဉ်မှူး ဖြစ်နေသလိုမျိုးတောင် ခံစားကြည့်လို့ ရပါတယ်” လို့ အသက် ၂၆ နှစ်အရွယ် သစ်ဆူဒါ ဖာဆိုင်သောင်က ပြောပါတယ်။

“ဒါ အရမ်း ပျော်ဖို့ ကောင်းပါတယ်” လို့ ၎င်းက ပြောပါတယ်။

“ဒီ ပထမတန်း ထိုင်ခုံမှာ ထိုင်နေရတာက ကျွန်မကို တကယ့်လေယာဉ်တစ်စင်းပေါ်မှာ ရောက်နေပြီး လေထဲမှာ ပျံသန်းနေတယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်စေပါတယ်” လို့လည်း အခြားဖောက်သည်တစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ချာလီဆာ ချွန်စရီနွိုင်က ပြောပါတယ်။

အလားတူ ဘန်ကောက်မြို့က Thai Airways လေကြောင်းလိုင်းရုံးချုပ်မှာ ဖွင့်လှစ်ထားတဲ့ လေယာဉ်ကော်ဖီဆိုင်တစ်ဆိုင်လည်း ရှိပါသေးတယ်။ ဒီဆိုင်မှာဆိုရင်လည်း စားသုံးသူတွေဟာ လေယာဉ်ပေါ်က အစားအသောက်  ပုံစံအတိုင်း မှာယူစားသုံးနိုင်ပြီး လေယာဉ်မယ်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေက ပလတ်စတစ် ဗန်းတွေနဲ့ လိုက်လံစားပွဲထိုးပေးနေပါတယ်။ ဒါ့အပြင် အခြား စားသောက်သူတွေဟာလည်း လေယာဉ်တံခါးအတု တစ်ခု ရှေ့မှာ ခရီးဆောင်အိတ်တွေနဲ့အတူ ဓာတ်ပုံရိုက်နေကြတာကိုလည်း တွေ့ရပါတယ်။

အဲဒီ ကော်ဖီဆိုင်ကို ဇနီး၊ ကလေးနဲ့အတူ လာရောက်ခဲ့တဲ့အသက် ၃၈ နှစ်အရွယ် အင်ထရာဝတ် ဆီမာပီချက်ကလည်း ဒီဆိုင်ကို လာရတဲ့အတွေ့အကြုံက အစားအသောက် စားရတာထက် ပိုတယ်လို့ ပြောပါတယ်။

“ပုံမှန်အားဖြင့်တော့ ကျွန်တော်က မကြာမကြာ ခရီးသွားရတဲ့သူတစ်ယောက်ပါ၊ ခုချိန်မှာ ကျွန်တော်တို့ဟာ မဖြစ်မနေ ကိုယ့်အိမ်မှာပဲ နေကြရတဲ့အခါမှာ ကျွန်တော့်အတွက်ကတော့ ဒါက တကယ် စိတ်ဓာတ်ကျစရာ ကောင်းပါ တယ်၊ ဒီ ကော်ဖီဆိုင်က ကျွန်တော်လွမ်းဆွတ်နေတာကို ဖြေဖျောက်ပေးပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly