မဲခေါင်ရေကာတာများအရေး စိုးရိမ်ကြောင်း စုဝေးသည့် ဖိုရမ် လူပေါင်းရာကျော် ထောက်ခံ

မဲခေါင်ရေကာတာများအရေး စိုးရိမ်ကြောင်း စုဝေးသည့် ဖိုရမ် လူပေါင်းရာကျော် ထောက်ခံ

နေပြည်တော်၊ နိုဝင်ဘာ ၁၂ ။ ။ "မဲခေါင်ပြည်သူများ၏ အသံ၊ မဲခေါင်ရေကာတာများအရေး မဲခေါင်အစိုးရများထံ သတင်းစကား"ဆိုသည့် သမိုင်းဝင်မဲခေါင်ပြည်သူဖိုရမ်အား ဗီယက်နမ်နိုင်ငံ အန်ကျန်းမြို့တွင် နိုဝင်ဘာ ၁၂ ရက်က လူပေါင်း ၁၀၀ ကျော်ထက်မနည်း စုဝေးထောက်ခံခဲ့သည်။

ပါဝင်ခဲ့ကြသူများမှာ  Tonle Sap lake မှ အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားရှိ မဲခေါင်နှင့် မြစ်သုံးသွယ် အဖွဲ့အစည်း၊ မဲခေါင်တစ်လျှောက်ရှိ ထိုင်းနိုင်ငံက အဖွဲ့အစည်းများ၊ ဗီယက်နမ်နိုင်ငံတို့မှ အသင်းအပင်းများဖြစ်ကြသည်။

ပါဝင်သူအများစုမှာ မဲခေါင်မြစ်ဝှမ်းဒေသမှ တိုက်ရိုက်သက်ရောက်မှုများကို ကြုံတွေ့နေရသူများဖြစ်သည်။ ယခုဖိုရမ်သည် မဲခေါင်နိုင်ငံများမှ အဖွဲ့အစည်းများ၏ ပထမဆုံးအကြိမ် စည်းဝေးမှုဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စီမံကိန်းအပါအဝင် လက်ရှိဖြစ်တည်နေသည့် သက်ရောက်မှုများကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေခြင်းကြောင့် ဘုံအဖွဲ့ကြီးတစ်ရပ် ဖွဲ့စည်းထားရန် လုပ်ဆောင်ကြခြင်းဖြစ်သည်။

ဖိုရမ်တွင် "မဲခေါင်အစိုးရများ၊ ပြည်သူအသံနားထောင်ပါ"ဆိုသည့် ထုတ်ပြန်ချက်ကို ဒေသတွင်းရှိ အစိုးရများသို့ တင်ပြခဲ့ပြီး ထုတ်ပြန်ချက်တွင် ပါဝင်လက်မှတ်ထိုးသူပေါင်း ၆၄၀၀ ကျော်ထက်မနည်းရှိခဲ့သည်။ ထုတ်ပြန်ချက်တွင် အစိုးရအနေဖြင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို နာထောင်ရန်၊ ပြည်သူဘဝအနာဂတ်အတွက် ဒေသ အသိုက်အဝန်းများ၏ ရပိုင်ခွင့်များကို လေးစားရန်၊ ပြည်သူပိုင်မြစ်အား ဆက်လက်ကာကွယ်သွားရန် တိုက်တွန်းထားသည်။

မဲခေါင်မြစ်ဝှမ်းတွင် ဆည်တမံများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှာ ငါးဖမ်းလုပ်ငန်း၊ ဂေဟစနစ်၊ ရေအားစနစ်နှင့် မြစ်ဝှမ်းတစ်လျှောက် မြေယာများ ဆုံးရှုံးရခြင်းဖြစ်ပြီး ယင်းအကျိုးဆက်ဒဏ်ကို လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုစာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဘုံပြဿနာနှင့် စိုးရိမ်ပူပန်မှုများဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း ရေအရည်အသွေးကျဆင်းလာမှုအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေရခြင်းကြောင့် ယခုကဲ့သို့ စုဝေးကာ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly