နှစ်ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၈ ဦးရှိလာ

စက်တင်ဘာ ၁၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၁၃ရက်နှင့် ၁၄ရက် နံနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ဖော်ပြပါ နှစ်ရက်အတွင်း COVID-19 အတည်ပြုလူနာများထဲမှ သေဆုံးသူ ရှစ် ဦး ရှိလာကြောင်း သိရသည်။

အဆိုပါသေဆုံးသူ ရှစ်ဦးမှာ စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသူ တစ် ဦး၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး)မှ နှစ် ဦး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှ နှစ် ဦး၊  ဝေဘာဂီ အထူးကုဆေးရုံကြီးမှ တစ် ဦး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ တစ် ဦး နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တစ် ဦး တို့ဖြစ်သည်။

သေဆုံးသူ ရှစ် ဦးတွင် အသက် ၅၁နှစ်အရွယ် တစ်ဦးပါဝင်ပြီး ကျန်သူများသည် သက်ကြီးပိုင်းများ ဖြစ်ကြကာ မူလရောဂါအခံရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 “အဓိကကတော့ ရောဂါအခံရှိတဲ့သူတွေများတယ်။ ရောဂါအခံရှိတဲ့သူတွေက ပိုပြီးတော့ သေဆုံးနိုင်ချေများတယ် အဲ့ဒါနိုင်ငံတကာမှာရောပဲ ။ ဒါပေမယ့် လူငယ်တွေလည်း လျှော့တွက်လို့မရပါဘူးနော်။  ဥရောပတိုက်မှာဆိုရင် လူငယ်တွေကြားထဲမှာလည်း သေဆုံးမှုတွေတွေ့လို့ WHO ကိုယ်တိုင်က သတိပေးရတဲ့အပိုင်းတွေရှိခဲ့ပါတယ်။ အဲ့တော့ မည်သူမဆို မဖြစ်အောင် ကာကွယ်နေကြတာ အကောင်းဆုံးဖြစ်ပါတယ်။ လူငယ်ဆိုပြီးပေါ့ပြီး ငါတော့ ပြန်ကောင်းသွားမှာပဲဆိုပြီးတွက်ေပမယ့်လည်း လတ်တလောမှာ ရောဂါလမ်းကြောင်းပြောင်းပြီး ဆိုးသွားနိုင်တာလည်းရှိတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် မဖြစ်အောင်ကာကွယ်တာ အကောင်းဆုံးပါပဲ” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိသည့် နာတာရှည်ရောဂါ အခံရှိသူများ အပြင်မထွက်စေလိုကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။  

သြဂုတ် ၁၆ရက်မှစတင်ကာ ယနေ့အထိ COVID-19 အတည်ပြုလူနာ နှစ်ထောင်ကျော် တွေ့ရှိခြင်းသည် ကူးစက်မှုနှုန်းမြန်ဆန်ကြောင်း ၎င်းက ဆိုသည်။  

“ဒီလိုမျိုး ကူးစက်မှုမြင့်မားတဲ့ကာလမှာ မိမိအိမ်မှာ သည်းခံပြီးတော့ နှစ်ပတ် သုံးပတ်နေလိုက်ရင် ခုနကပြောတဲ့ တက်နေတဲ့ ရောဂါအရှိန်က ကွင်းဆက်တွေပြတ်ပြီးတော့ ပိုး ကျိုးသွားမယ်ပေါ့နော်။ အဲ့တော့ ဒီကာလလေး မှာတော့ အချိန်အတိုင်းအတာနဲ့ ဦးစားပေးရတဲ့လုပ်ငန်းတွေက ကွာခြားမှုရှိတယ်ပေါ့။ လက်ရှိအချိန်မှာတော့ တက်နိုင်သမျှှ အိမ်ထဲမှာပဲနေပါ။ မိမိတို့ရဲ့ အသက်အန္တရာယ်ကိုလည်း ကာကွယ်ပါ။ တစ်ဖက်က ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း ကူညီဖေးမပေးပါ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

စက်တင်ဘာ ၁၄ရက် နံနက်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၃၀၁၅ ဦးရှိပြီးဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၆၆၉ဦးနှင့် သေဆုံးသူ  ၂၄ဦး ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly