ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက ဘီလာရုစ်မှာ လူပေါင်းသိန်းချီ စုရုံးချီတက် ဆန္ဒပြ

By AFP
14 September 2020
ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက ဘီလာရုစ်မှာ လူပေါင်းသိန်းချီ စုရုံးချီတက် ဆန္ဒပြ
Photo - AFP

စက်တင်ဘာ ၁၄

ဘီလာရုစ်နိုင်ငံ မြို့တော် မင့်စ်က လမ်းတွေပေါ်မှာ စက်တင်ဘာ ၁၃ ရက်က လူပေါင်းသိန်းနဲ့ချီ စုရုံးချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူ ၄၀၀ ကျော် လောက်ကို အကြမ်းပတမ်း ဖမ်းဆီးထိန်းသိမ်းခဲ့တာတွေ ရှိခဲ့တဲ့ကြားကပဲ ခုလို လူသိန်းချီ စုရုံးချီတက်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မကြာခင်မှာပဲ ဘီလာရုစ်နိုင်ငံရဲ့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ သူ့ရဲ့ အဓိကမဟာမိတ် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်သွားဖို့လည်း ရှိနေ ပါတယ်။

ဘီလာရုစ်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် လေးခုစီတိုင်းမှာ ခန့်မှန်းခြေအားဖြင့် လူပေါင်း တစ်သိန်းကျော်လောက် စုဝေးချီတက်ပြီး သမ္မတ လူကာရှန်ကို နုတ်ထွက်ရေး တောင်းဆိုနေခဲ့ကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ သြဂုတ် ၉  အငြင်းပွားဖွယ်ရာ သမ္မတ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတယ်လို့  လူကာရှန်ကိုက ထုတ်ဖော်ထားခဲ့တဲ့နောက် ခုလို ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

ယခု နောက်ဆုံး ပေါ်ပေါက်လာခဲ့တဲ့ စုဝေးချီတက်ဆန္ဒပြပွဲမှာလည်း လူပေါင်း သိန်းချီ ပါဝင်ခဲ့တယ်လို့ အေအက်ဖ်ပီ ဂျာနယ်လစ်တွေက ပြောပါတယ်။

ရဲတွေဘက်က ဖြိခွင်းနှိမ်နင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ကြားကပဲ စက်တင်ဘာ ၁၃ ရက်မှာ ကြီးမားလှတဲ့ လူအုပ်ကြီးက လမ်းတွေပေါ်မှာ စုဝေးချီတက်ခဲ့ကြတာပါ။

ဘီလာရုစ် သတင်းဆိုဒ် Tut.by က ပြသခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ မျက်နှာဖုံးစွပ်ထားတဲ့ ယူနီဖောင်းဝတ် ရဲတွေနဲ့ အရပ်ဝတ်ရဲတွေဟာ “သူရဲကောင်းတို့ ချီတက်ပွဲ” ဆိုတဲ့ ဆန္ဒပြပွဲမှာ စုဝေးခဲ့ကြသူတွေကို အကြမ်းပတမ်း ဖမ်းဆီးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ယင်းနိုင်ငံမှာ မိုဘိုင်းအင်တာနက်လိုင်းတွေ ကန့်သတ်ပိတ်ပင်ထားပြီး မြေအောက်ဘူတာရုံတွေလည်း ပိတ်ထားပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာလည်း ရဲကားတွေ၊ စစ်တပ်ကားတွေနဲ့ သွားလာနေ ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly