ရေနံယိုဖိတ်မှုကြီးကြောင့် မော်ရစ်သျှတွင် ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

By AFP
13 September 2020
ရေနံယိုဖိတ်မှုကြီးကြောင့် မော်ရစ်သျှတွင် ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

စက်တင်ဘာ ၁၃

မော်ရစ်သျှနိုင်ငံက ကမ်းရိုးတန်းမှာ ရေနံယိုဖိတ်မှုကို အစိုးရရဲ့ ကိုင်တွယ်ရှင်းလင်းပုံနဲ့ ပတ်သက်ပြီး ပြည်သူတွေက မကျေမနပ်ဖြစ်ကာ တနင်္ဂနွေနေ့မှာ ချီတက်ဆန္ဒပြကြပါတယ်။

ဇူလိုင်လအတွင်းက ရေနံတင် သင်္ဘောတစ်စီး သောင်တင်ပြီး ပင်လယ်ထဲ ရေနံတန်ချိန် ၁၀၀၀ ကျော်ထက် မနည်း ယိုဖိတ်မှုဖြစ်ခဲ့တဲ့ အရှေ့တောင်ပိုင်းကမ်းရိုးတန်းမှာ အလံတွေ ဝှေ့ယမ်းကိုင်ဆောင်ရင်း ဆန္ဒပြကြွေးကြော်သံ တွေ အော်ဟစ်ကြတဲ့ အရောင်စုံ လူပင်လယ်ကြီးကို မြင်တွေ့ရပါတယ်။

ဒီ ဆန္ဒပြပွဲကို လူပေါင်း ၂၅၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ ရဲကပြောပေမယ့် စီစဉ်သူတွေကတော့ ဒီထက်နှစ်ဆများတယ်လို့ ပြောဆိုကြပါတယ်။

ငါးဖမ်းတာနဲ့ ပင်လယ်ကို အမှီပြုပြီး ရှာဖွေစားသောက်နေကြရတဲ့ ပြည်သူပေါင်း ၁ ဒသမ ၃ သန်းဟာ ဒီရေနံယိုဖိတ်မှုကြောင့် သက်ရောက်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်တဲ့ အခု သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကို လုံလောက်အောင် မြန်မြန်ဆန်ဆန် တုံ့ပြန်ဖြေရှင်းတာ မရှိဘူးလို့ ဝန်ကြီးချုပ် ပရာဗန်ဂျူနော့နဲ့ သူ့အစိုးရအဖွဲ့ဟာလည်း ဝေဖန်စွပ်စွဲခံနေရ တာ ဖြစ်ပါတယ်။

မာဟီဘော့ကမ်းရိုးတန်းတစ်လျှောက်မာ ဆန္ဒပြသူတွေဟာ အများစုက မျက်နှာကို ဆေးရောင်ခြယ်သထားကြပြီး ‘ဝန်ကြီးချုပ် နုတ်ထွက်ရမယ်’ ဆိုပြီး ကြွေးကြော်ကြသလို အခု ရေနံယိုဖိတ်မှု သဘာဝဘေးနဲ့ ပတ်သက်လို့ အစိုးရ နုတ်ထွက်ပါဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

“အခု ဒီနေရာကို ကျွန်တော်တို့ ရောက်လာတာက အစိုးရအနေနဲ့ လုပ်သင့်တာ လုပ်ဖို့ပါပဲ။ ပြည်သူတွေက အစိုးရကို သိပ်မယုံတော့ဘူး။”ဆိုပြီး ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ မာရီက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်က ရေနံ တန်ချိန် ၄၀၀၀ တင်ဆောင်ထားတဲ့ MV Wakashio သင်္ဘောဟာ မော်ရစ်သျှကမ်းလွန်မှာ သောင်တင်ပြီး ထက်ပိုင်းကျိုးရာကနေ ပင်လယ်ထဲ ရေနံတွေ ယိုဖိတ်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly