ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသား ၅ ဦးကို တရုတ်က အိန္ဒိယထံ ပြန်လွှဲပေး

By CNA
13 September 2020
ထိန်းသိမ်းထားသည့် အိန္ဒိယနိုင်ငံသား ၅ ဦးကို တရုတ်က အိန္ဒိယထံ ပြန်လွှဲပေး

စက်တင်ဘာ ၁၃

တိဘတ် နယ်စပ် ဒေသတစ်ခုတွင် တရုတ်အာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော ဝေးလံသည့် အရှေ့ပိုင်းပြည်နယ်တစ်ခုမှ အိန္ဒိယနိုင်ငံသားငါးဦးကို  စက်တင်ဘာ ၁၂ ရက်က တရုတ်က အိန္ဒိယအာဏာပိုင်များထံ ပြန်လည် လွှဲပေးခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။

“ဒီ တရုတ်ဘက်က ပြန်လွှဲပေးလိုက်တဲ့ တစ်ဦးတစ်ယောက်စီတိုင်းကိုတော့ ကိုဗစ်-၁၉ လုပ်ထုံးလုပ်နည်းနဲ့အညီ ၁၄ ရက်ကြာ ကွာရန်တင်း ဝင်စေမှာ ဖြစ်ပါတယ်၊ ပြီးတဲ့အခါကျမှ သူတို့ရဲ့ မိသားစုတွေဆီ ပြန်လွှဲပေးမှာပါ” ဟု အိန္ဒိယစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး ဟာ့ရှ် ဝါဒဟန် ပန်ဒီက ထုတ်ပြန်ပြောကြားသည်။

အဆိုပါ လူငယ်ငါးဦးသည် အမဲလိုက်ရင်း နယ်စပ်ကို အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော် လမ်းမှား ရောက်ရှိသွားခြင်း ဖြစ်ကြောင်း၊ ယခုနှစ်ထဲတွင် တရုတ်နယ်စပ် အိန္ဒိယ၏ အရူနာချယ် ပရာဒက်ရှ် ပြည်နယ်တွင် အလားတူ ဖြစ်စဉ် နှစ်ခု ဖြစ်ခဲ့သေးကြောင်း ပန်ဒီက ပြောသည်။

သို့သော် အဆိုပါ ငါးဦးသည် အမဲလိုက်သူများအဖြစ် ဝတ်စားထားသည့် အိန္ဒိယ ထောက်လှမ်းရေးအေးဂျင့်များဖြစ်ကြောင်း တရုတ် အစိုးရ ကျောထောက်နောက်ခံပြု သတင်းစာတစ်စောင်က ဖော်ပြခဲ့ပြီး ၎င်းတို့ ပြန်ပေးဆွဲခံ ရသည့်ဆိုသည့် ပြောဆိုချက်များနှင့် ကွဲလွဲထားစေခဲ့သည်။  

အိန္ဒိယနှင့် တရုတ်အကြား အငြင်းပွားနယ်စပ်ဧရိယာတစ်ခုတွင် ပြီးခဲ့သည့် ဇွန်လက နှစ်ဘက်စစ်သည်များအကြား ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွား၍ အိန္ဒိယစစ်သား ၂၀ သေဆုံးပြီး တရုတ်ဘက်က အသေအပျောက်မသိခဲ့ ရသော ဖြစ်စဉ်တစ်ခု နောက်ပိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် တင်းမာမှုများဖြစ်ပေါ်နေခဲ့သည်။

အရူနာချယ် ပရာဒက်ရှ် ပြည်နယ်မှ အိန္ဒိယနိုင်ငံသားငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်းတို့ကို တရုတ်ဘက်ခြမ်းတွင် တွေ့ရှိထားသည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က အတည် ပြုခဲ့ကြောင်း အိန္ဒိယဝန်ကြီးတစ်ဦးက စက်တင်ဘာ ၈ ရက်တွင် ပြောခဲ့သည်။

၎င်းတို့ ပျောက်ဆုံးမှုသည် ဟိမဝန္တာအနောက်ဘက် နယ်စပ် ထိပ်တိုက်တွေ့မှုတစ်ခုဖြစ်ခဲ့ခြင်းနှင့် တိုက်ဆိုင်နေသည်။ အဆိုပါ ထိပ်တိုက်တွေ့မှုဖြစ်စဉ်အတွင်း မိုးပေါ်ထောင်ပြီး သေနတ်ပစ်ခတ်မှုများရှိခဲ့သည်ဟု နှစ်ဘက် စလုံးက အပြန်အလှန် စွပ်စွဲခဲ့သည်။

အတိတ်ကာလအတွင်း တိုက်ပွဲ ဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးသည် နယ်နမိတ်ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသည့် နယ်စပ်တွင် လက်နက်အသုံးပြုခြင်း ရှောင်ကြဉ်မည့် လုံးထုံးလုပ်နည်းတစ်ခုကို ကာလကြာကတည်း က စောင့်ထိန်းထားခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့ တွေ့ဆုံပြီး နယ်စပ်တင်းမာမှုများ လျော့ကျအောင် လုပ်ဆောင်ရေး သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly