၁၈ လ သက်တမ်းရှိ ကြားဖြတ်အစိုးရ ထူထောင်မယ်လို့ မာလီ စစ်အာဏာသိမ်းအဖွဲ့ ကြုံးဝါး

By AFP
13 September 2020
၁၈ လ သက်တမ်းရှိ ကြားဖြတ်အစိုးရ ထူထောင်မယ်လို့ မာလီ စစ်အာဏာသိမ်းအဖွဲ့ ကြုံးဝါး

စက်တင်ဘာ ၁၃

မာလီနိုင်ငံမှာ ပြီးခဲ့တဲ့လ အာဏာသိမ်းပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးဆီ အာဏာလွှဲပေးဖို့အလို့ငှာ ၁၈ လသက်တမ်းရှိ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းထူထောင်သွားမယ်ဆိုပြီး စစ်အာဏာသိမ်းအဖွဲ့က စက်တင်ဘာ ၁၂ ရက်မှာ ကြုံးဝါးသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဓိကကျတဲ့ နိုင်ငံရေးသမားတွေကတော့ နိုင်ငံမှာ စစ်တပ်က ဆက်ပြီး လွှမ်းမိုးချုပ်ကိုင်ထားမှုအပေါ် ဆန့်ကျင်ခဲ့ကြပါတယ်။

အာဏာလွှဲပြောင်းရေး ဆွေးနွေးပွဲ ပိတ်ပွဲမှာ တစ်ခဲနက်သြဘာပေးမှုနဲ့အတူ စစ်အာဏာသိမ်းအဖွဲ့ ခန့်အပ်တဲ့ ကော်မတီတစ်ခုက “အသွင်ကူးပြောင်းရေး ပဋိညာဉ်စာတမ်း” တစ်ခုကို သဘောတူခဲ့ပါတယ်။ ဒါကတော့ နိုင်ငံမှာ ရွေးကောက်ပွဲတွေ မကျင်းပခင် အသွင်းကူးပြောင်းရေးအစိုးရတစ်ရပ်က အာဏာရယူထိန်းထားနိုင်မယ့် လမ်းကို ခင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အငြင်းပွားဖွယ်အကောင်းဆုံး ကိစ္စရပ်တွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲက အထင်ရှားဆုံးတစ်ခုကတော့ ဒီ အသွင်ကူးပြောင်းရေးအစိုးရကို အရပ်သားတစ်ဦးက ဦးဆောင်မှာလား ဒါမှဟုတ် စစ်သား တစ်ယောက်က ဦးဆောင်မှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ပဋိညာဉ်စာတမ်းရဲ့ ကနဦးဗားရှင်းအရဆိုရင်တော့ အာဏာသိမ်းအဖွဲ့ကပဲ ခန့်အပ်တဲ့ အခြားကော်မတီတစ်ခုက အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ရဲ့ သမ္မတကို ခန့်အပ်မှာ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ချုပ်ကိုင်မှုအပေါ် မေးခွန်း တွေ ထွက်ပေါ်ထားစေခဲ့ပါတယ်။

သုံးရက်တာ ဖိုရမ်မှာတော့ ကိစ္စရပ်တချို့အတွက် သဘောကွဲလွဲမှုတွေ ရှိခဲ့ပြီး အထူးသဖြင့် အသွင်ကူးပြောင်းရေးအစိုးရရဲ့ သက်တမ်းနဲ့ စစ်တပ်ရဲ့ ပါဝင်မယ့် အခန်းကဏ္ဍ တို့လိုမျိုး ကိစ္စတွေနဲ့ပတ်သက်လို့ သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ဇွန် ၅ ရက် လှုပ်ရှားမှု အဖွဲ့ဝင်တွေအကြားမှာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာတော့ အတိုက်အခံအုပ်စုတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက် ခေါင်းဆောင်တွေ စုစုစည်းစည်းနဲ့ ညွန့်ပေါင်းအုပ်စုဖွဲ့ပြီး သမ္မတ အီဘရာဟင် ဘော်ဘာကာ ကီတာအပေါ် လများစွာနဲ့ချီ ဆန့်ကျင်ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလိုနဲ့ပဲ သြဂုတ် ၁၈ ရက်မှာ စစ်အာဏာသိမ်းမှုတစ်ခုနဲ့အတူ သမ္မတ ကီတာလည်း ဖမ်းဆီးခံရပြီး ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

ဇွန် ၅ ရက် လှုပ်ရှားမှုရဲ့ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သလို အစိုးရဝန်ကြီးဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဆိုင် ကာဒီယာတို ဆိုးကတော့ ယခု ပဋိညာဉ်ဟာ ရစရာ မရှိအောင် ပျက်စီးသွားပြီဖြစ်ကြောင်းနဲ့ အစောပိုင်းဆွေးနွေး မှုတွေအပေါ်မှာလည်း ထင်ဟပ်ခဲ့ခြင်း မရှိကြောင်း စက်တင်ဘာ ၁၂ ရက်အစောပိုင်းမှာ ပြောသွားခဲ့ပါတယ်။

“ဒါဟာ လုံးဝကို ဒီမိုကရေစီနည်းမကျပါဘူး၊ အဲဒီအတွက် ကျွန်မ တအား ဝမ်းနည်းမိတယ်၊ တအားလည်း စိုးရိမ်မိပါတယ်” လို့ သူမက အေအက်ဖ်ပီကို ပြောသွားပါတယ်။

ဖိုရမ် ပိတ်ပွဲအခမ်းအနားမှာတော့ မာလီအာဏာသိမ်းအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး အစ္စမီ ဂွိုင်တာက ဖိုရမ်တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မိန့်ခွန်းပြောသွားခဲ့ပြီး ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly