သမ္မတအား ပြစ်တင်စွပ်စွဲရေး ပီရူးလွှတ်တော် မဲပေး 

By AFP
12 September 2020
သမ္မတအား ပြစ်တင်စွပ်စွဲရေး ပီရူးလွှတ်တော် မဲပေး 

စက်တင်ဘာ ၁၂

ပီရူးအစိုးရအရာရှိများအား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခြင်းကို ပိတ်ပင်ဟန့်တားရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ‘ကိုယ်ကျင့်သိက္ခာလော်မာခြင်း’ ရှိသည်ဆိုကာ သမ္မတ မာတင်ဗက်ဇ်ကာရာအား အပြစ်ရှိကြောင်း စွဲဆိုရေးအတွက် လွှတ်တော်တွင် သောကြာနေ့က မဲပေးဆုံးဖြတ်ချက်ချခဲ့သည်။ 

ထိုသို့ သမ္မတအား အပြစ်ရှိကြောင်း စတင်စွဲဆိုရင် မဲပေးရာ၌ ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၃၆ မဲနှင့် ကြားနေမဲ ၂၄ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ လာမည့် သီတင်းပတ်၌ စတင်စွဲဆိုမှုအတွက် လိုအပ်မဲအရေအတွက်မှာ ၅၂ မဲသာ ဖြစ်သည်။ 

ပါတီကင်းမဲ့နေသော သမ္မတအား ရာထူးမှ ဖယ်ရှားရေးအတွက်ဆိုရင်  ၈၇ မဲ လိုအပ်မည် ဖြစ်သည်။ လာမည့် သောကြာနေ့၌ ကွန်ဂရက်လွှတ်တော် ရှေ့မှောက် သမ္မတ လာရောက်ပြီးနောက် မျက်နှာစုံညီဆွေးနွေးမှုများ ပြုလုပ်ကာ ရာထူးမှ ဖယ်ရှားရေးကို မဲပေးကြမည် ဖြစ်သည်။ 

ကွန်ဂရက်တွင် အမတ်နေရာ ၁၃၀ ရှိရာ၌ ၉၅ နေရာအား ကိုယ်စားပြုထားသော ပါတီကိုးခုမှ ခြောက်ပါတီသည် သမ္မတအား ပြစ်တင်စွဲဆိုမှုကို ထောက်ခံကြသည်။ 

“ကျွန်တော် နုတ်ထွက်လိမ့်မှာ မဟုတ်ဘူး။ ကျွန်တော် မရှောင်ပြေးဘူး။”ဟု မဲပေးပွဲမတိုင်မီ မည်သည့် အမှားမျှ ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုသည့် ရုပ်သံမိန့်ခွန်းတွင် သမ္မတ ဗက်ဇ်ကာရာက ပြောသည်။ 

“ကျွန်တော်တို့ဟာ ဒီမိုကရေစီကို ဖီလာကန့်လန့်တိုက်တဲ့ လျှို့ဝှက်ကြံစည်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။”ဟု ၎င်းက ပြောပြီး ၎င်းတွင် ဖုံးကွယ်ထားတာ ဘာမှမရှိကြောင်း ပြောသည်။ ထိုပြင် လွှတ်တော်အမတ်များအနေဖြင့် သတိရှိစွာ၊ တာဝန်သိစွာဖြင့် လိုအပ်မည်ဟု ၎င်းတို့ ယူဆသော ဆုံးဖြတ်ချက်များကို ချမှတ်သင့်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောသည်။ 

၂၀၁၈ ခုနှစ်မှာစတင်ကာ အာဏာရခဲ့သည့် ဗက်ဇ်ကာရာသည် အသံသွင်းတိတ်ခွေ ပေါက်ကြားပြီးနောက် အတိုက်အခံဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ယင်း တိတ်ခွေ၌ အခကြေးငွေ ပေးရသော ယဉ်ကျေးမှုဆိုင်ရာ အကြံပေးအဖြစ် နာမည်ကြီး တေးသံရှင်တစ်ဦးအား အငြင်းပွားဖွယ်ငှားရမ်းမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားရန် ၎င်းက လက်ထောက်များအား ပြောသည်ကို ကြားသိရခြင်း ဖြစ်သည်။  

သမ္မတအား အပြစ်ရှိကြောင်း စွဲဆိုသည့် လုပ်ငန်းစဉ်တစ်လျှောက် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ မန်နျူရယ်မာရီနိုက ကြားဖြတ်ခေါင်းဆောင်အဖြစ် ၂၀၂၁ ဇူလိုင်လကုန် လက်ရှိသမ္မတသက်တမ်းကုန်အထိ တာဝန်ယူသွားမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly