လေယာဉ်ပျံသန်းမှုများကို ခြေရာခံရန် ဂြိုဟ်တုအသုံးပြုရေး ကမ္ဘာ့နိုင်ငံများ သမိုင်းဝင်သဘောတူညီချက်ရရှိ

လေယာဉ်ပျံသန်းမှုများကို ခြေရာခံရန် ဂြိုဟ်တုအသုံးပြုရေး ကမ္ဘာ့နိုင်ငံများ သမိုင်းဝင်သဘောတူညီချက်ရရှိ

ဂျီနီဗာ၊ နိုဝင်ဘာ ၁၂ ။             ။ ၂၀၁၄ခုနှစ်၊ မတ်လက MH370 လေယာဉ် ထူးဆန်းစွာ ပျောက်ဆုံးခြင်းကဲ့သို့ အဖြစ်မျိုးထပ်မံမဖြစ်ပွားရေးအတွက် အဓိကသော့ချက်ကို သက်သေပြနိုင်မည့် လေယာဉ် ပျံသန်းမှုကို ခြေရာခံရာတွင် ဂြိုဟ်တုအသုံးပြုရန် ကမ္ဘာ့နိုင်ငံများက နိုဝင်ဘာ ၁၁ တွင် သမိုင်းဝင်သဘောတူညီချက်ရရှိခဲ့သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာဆက်သွယ်ရေးယူနီယံ(ITU)က လက်ခံကျင်းပသော ကွန်ဖရင့်တစ်ခုတွင် နိုင်ငံများက သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်က လက်ရှိ မြေပြင် အခြေစိုက်ရေဒါ များကို အားကိုးနေသည့် အရပ်ဖက်လေကြောင်းပျံသန်းမှုခြေရာခံစနစ်ကို တိုးတက်ရန် ရည်ရွယ်သည်။

သဘောတူညီချက်ဖြစ်ပေါ်လာခြင်းမှာ လူ ၂၃၉ဦးလိုက်ပါသွားသော မလေးရှားလေကြောင်းလိုင်းမှ MH370လေယာဉ်ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ITU ၏ကြေညာချက်ကဖော်ပြ ခဲ့သည်။ ထိုအဖြစ်ဆိုးကြောင့် ကမ္ဘာလုံးဆိုင်ရာပျံသန်းမှုခြေရာခံမှု၊ ညိနှိုင်းလုပ်ဆောင်ရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်း ဆွေးနွေးမှုများဖြစ်ပေါ်စေခဲ့သည်။

ကွန်ဖရင့်သို့ နိုင်ငံပေါင်း ၁၆၀မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။ ကွန်ဖရင့်တွင် ကမ္ဘာလုံးဆိုင်ရာလေပိုင်နက်ကို အပြည့်အဝစောင့်ကြည့်နိုင်သည့် ခြေရာခံစနစ်အတွက် နည်းပညာ လိုအပ်ချက်များ ကိုသတ်မှတ်ခဲ့သည်။

လေယာဉ်မှ မြေပြင်စခန်းများသို့ အချက်ပြမှုများထုတ်လွှင့်ရန် ယခင်က အသုံးပြုသော လှိုင်းနှုန်းများကို လေယာဉ်မှ ဂြိုဟ်တုသို့ ထုတ်လွှင့်မှုများပေးပို့နိုင်မည်ဟု ITU ကပြောသည်။ ယခုပြောင်းလဲမှုက ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လေယာဉ်ကို အချိန်နှင့် တစ်ပြေးညီခြေရာခံနိုင်မည်ဖြစ်ကြောင်း ITU ၏ရေဒီယိုဆက်သွယ်ရေးဗျူရိုညွှန်ကြားရေးမှူးဖရန်ဆွာရန်စီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly