စပိန်၌ ကာတာလန်ခွဲထွက်ရေးသမားများက အမျိုးသားနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ 

By AFP
12 September 2020
စပိန်၌ ကာတာလန်ခွဲထွက်ရေးသမားများက အမျိုးသားနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ 

 စက်တင်ဘာ ၁၂ 

စပိန်နိုင်ငံ ဘာစီလိုနာမှာ သောကြာနေ့က ကာတာလန်ဒေသခွဲထွက်ရေးသမားတွဟာ စပိန်ဆီကနေ လွတ်လပ်ရေး ပြန်လည်တောင်းဆိုတဲ့ ကာတာလန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စုဝေးချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

၁၇၁၄ ခုနှစ် က စပိန်လက်အောက်ကို ဘာစီလိုနာကျရောက်တဲ့အထိမ်းအမှတ်အနေနဲ့ စက်တင်ဘာ ၁၁ ရက်ကို ကာတာလန်အမျိုးသားနေ့ (Diada) အဖြစ် နှစ်စဉ်ကျင်းပခဲ့ပြီး အရင်တုန်းက ပုံမှန်အားဖြင့် လူဦးရေ တစ်သန်းထက်မနည်း ချီတက်ခဲ့ကြတာပါ။  

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးချီတက်ပွဲမှာတော့ ဆန္ဒပြသူတွေဟာ ဘုရင်ဖီးလစ်ရဲ့ ပုံတူကားချပ်တွေကို မီးရှို့ကာ ကာတာလိုနီးယားဒေသအတွက် လွတ်လပ်ရေးတောင်းဆိုခဲ့ကြပါတယ်။  

စပိန်နိုင်ငံဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသိန်းကျော်ရှိတဲ့ ပထမဆုံးဥရောပနိုင်ငံအဖြစ်ရောက်ရှိခဲ့ပြီး ကပ်ရောဂါကို ပြင်းပြင်းထန်ထန် တွန်းလှန်နေရချိန်မှာ ခုလို နှစ်ပတ်လည် လွတ်လပ်ရေးတောင်းဆိုချီတက်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။  

လူစုလူဝေးတွေကို တားမြစ်ထားတာကြောင့် ချီတက်ပွဲဦးဆောင်သူတွေဟာ ဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ပုံစံနဲ့ ဒေသတစ်လွှားမှာ လူနည်းစု ဆန္ဒပြပွဲလေးတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။  

ဆန္ဒပြသူတွေဟာ ပြင်သစ်သွားတဲ့ အမြန်ရထားလမ်းအပါအဝင် ရထားလမ်းတွေပေါ်မှာ တာရာတွေမီးရှို့ပြီး ရထားခရီးစဉ်တွေကို နှောင့်ယှက်ခဲ့ကာ အဖျက်အမှောင့်လုပ်ငန်းများစွာ လုပ်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ခွဲထွက်ရေးလှုပ်ရှားတဲ့ခေါင်းဆောင်တွေကို စပိန်တရားရုံးချုပ်က နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့လို့ အုပ်စုလိုက်ချီတက်ဆန္ဒပြပွဲတွေ သီတင်းပတ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး လွတ်လပ်ရေးချီတက်ပွဲလည်းဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly