ဝေဖန်မှုတွေမြင့်တက်နေတဲ့ Mulan ရုပ်ရှင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြုသဘောဆောင်တဲ့မှတ်ချက်ပြု 

By AFP
12 September 2020
ဝေဖန်မှုတွေမြင့်တက်နေတဲ့ Mulan ရုပ်ရှင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အပြုသဘောဆောင်တဲ့မှတ်ချက်ပြု 
Photo - AFP

စက်တင်ဘာ  ၁၂

Disney ရုပ်ရှင်ထုတ်လုပ်ရေးကနေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်ကျခံရိုက်ကူးထားတဲ့ Mulan ရုပ်ရှင်ဟာ ဝေဖန်မှုတွေခံနေရပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အပြုသဘောဆောင်တဲ့မှတ်ချက်တွေပြုခဲ့ပါတယ်။ 

မူလန်ဇာတ်ကားရဲ့ အဓိကဇာတ်ကောင် လျူရီဖေးဟာ မနှစ်တုန်းက ဟောင်ကောင်ဆန္ဒပြပွဲတွေအပေါ် ရဲတွေနှိမ်နင်းခဲ့တာကို ထောက်ခံပေးခဲ့သူဖြစ်တာကြောင့် ဒီဇာတ်ကားဟာ တရားဝင်မဖြန့်ချိခင်မှာဘဲ နိုင်ငံရေးဆိုင်ရာ တုံ့ပြန်မှုတွေ ခံခဲ့ရပါတယ်။ 

လူနည်းစုဝီဂါမွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်လို့ မှတ်တမ်းတွေရှိတဲ့ ရှင်းကျန်းဒေသမှာ မူလန်ဇာတ်ကားကိုရိုက်ခဲ့ပြီး ဇာတ်လမ်းအဆုံးမှာလည်း ရှင်းကျန်းအာဏာပိုင်တွေကို ကျေးဇူးတင်စကားဆိုထားတဲ့အတွက် တရုတ်စစ်သည် မူလန်ဇာတ်ကားကို ဒီသီတင်းပတ်အတွင်းမှာ ကမ္ဘာတစ်လွှားက  သပိတ်မှောက်ခဲ့ပါတယ်။ 

ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ရှင်းကျန်းအာဏာပိုင်တွေရဲ့ အကူအညီအတွက် ကျေးဇူးတင်စကားပြောတာဟာ သာမန်ကိစ္စပါ လို့ပြောဆိုခဲ့ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို ရှုတ်ချခဲ့ပါတယ်။ 

မူလန်အဖြစ်သရုပ်ဆောင်တဲ့ တရုတ်-အမေရိကန်သရုပ်ဆောင် လျူကိုလည်း ခေတ်သစ်မူလန်အဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။  

မူလန် ဇာတ်ကားကို တရုတ်မှာ သောကြာနေ့က စတင်ပြသခဲ့ပြီး ညနေပိုင်းမှာပဲ လက်မှတ်ဖိုး ယွမ် ၄၁ သန်း ( ဒေါ်လာ ၅.၉၉ သန်း) ဝန်းကျင်လောက် ရောင်းခဲ့ရတယ်လို့ဆိုပါတယ်။ အွန်လိုင်းမှာလည်း ကြည့်နိုင်တဲ့ မူလန်ဇာတ်ကားဟာ အဆိုးမြင် သုံးသပ်ချက်တွေ ရရှိနေသလို ထောက်ခံအားပေးတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။   

အယ်လ်ဗင်ရီ ဆိုတဲ့ လူငယ်တစ်ဦးက သူ့အမြင်ကို ခုလိုပြောပါတယ်။ 

“မူလန် ဇာတ်ကားကို တီထွင်ဆန်းသစ်ထားတာကောင်းပါတယ်။ ဒါဟာ တရုတ်နဲ့ပဲဆိုင်တဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တာပါ” 

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ မူလန်ဆိုတာ အိမ်နာမည်တစ်ခုပါပဲ။ လူအမျိုးမျိုးက ဒီဇာတ်လမ်းအပေါ် နားလည်မှု ပုံစံအမျိုးမျိုးရှိနိုင်ပြီး မတူညီတဲ့နည်းလမ်းတွေနဲ့ ဝေဖန်ပြောကြမှာပါ။ ဒီတစ်ခေါက်မှာတော့ Disney က  ဘယ်လိုသဘောမျိုးနဲ့ ရိုက်ပြထားလဲဆိုတာ ကျွန်မတို့ သိချင်ပါတယ်” လို့ ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly