အီရန်က ရေငုပ်သင်္ဘောနဲ့ ခရုဇ်ဒုံးကျည်များသုံးကာ ဟောမုဇ်ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်

By AFP
12 September 2020
အီရန်က ရေငုပ်သင်္ဘောနဲ့ ခရုဇ်ဒုံးကျည်များသုံးကာ ဟောမုဇ်ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်
Photo - AFP

စက်တင်ဘာ ၁၂ 

အီရန်ရေတပ်ဟာ သောကြာနေ့ (စက်တင်ဘာ ၁၁ ) က ဟောမုဇ်ရေလက်ကြားအနီးမှာ ရေငုပ်သင်္ဘောနဲ့ ခရုဇ်ဒုံးကျည်အပါအဝင်  ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းတွေ တပ်ဖြန့်ချပြီး ဒုတိယမြောက်နေ့အဖြစ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။  

‘အောင်နိုင်သူ’ လို့အဓိပ္ပါယ်ရတဲ့ Conquerer ရေငုပ်သင်္ဘောကို ပထမဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာဘက် ထွက်ခွါခဲ့တယ်လို့ အီရန်စစ်တပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောထားပါတယ်။ 

အလေးချိန် တန် ၆၀၀ နီးပါးရှိတဲ့ ရေငုပ်သင်္ဘောမှာ တော်ပီဒို၊ မိုင်းနဲ့ ခရုဇ်ဒုံးကျည်တွေ တပ်ဆင်ထားပြီး ရေမီတာအနက် ၂၀၀ (၆၅၀ ပေ) အောက်မှာ ရက်ပေါင်း ၃၅ ရက်အထိ နေနိုင်တယ်လို့ အီရန် မီဒီယာမှာ ဖော်ပြထားပါတယ်။ 

Conquerer ဟာ မနှစ်က ထုတ်ဖော်ပြသခဲ့တဲ့ အီရန်ရဲ့ ပထမဆုံးရေငုပ်သင်္ဘောဖြစ်ပြီး ပေါ့ပါးတဲ့ ဂါဒီရာ အတန်းအစားနဲ့ လေးလံတဲ့ကီလိုအတန်းအစားကြားက အတော်အသင့်လေးတဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။  

Zolfaghar 99 လို့ အမည်ပေးထားတဲ့ အဆိုပါ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းကနေ ဟောမုဇ်ရေလက်ကြားအရှေ့စွန်းအထိ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံလောက်ပို့ဆောင်ပေးတဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းနေတဲ့ ရေလက်ကြားတစ်ခုဖြစ်ပါတယ်။  

အီရန်ရေတပ်ဟာ ၂၀၁၄ ခုနှစ်က ပထမဆုံးမိတ်ဆက်ခဲ့တဲ့ မြေပြင်မှပင်လယ်ပစ် ဂါဒါ ခရုဇ်ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အကွာက ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။  

နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်မှာ ဒုံးကျည်စနစ်တွေတပ်ဆင်တာဟာ ပင်လယ်ပြင်ဘယ်နေရာကမဆိုလာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တိုက်ခိုက်နိုင်ဖို့ဖြစ်တယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ဟော်စိန်ခန်ဇာဒီက ပြောပါတယ်။  

နိုင်ငံပိုင်ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေမှာတော့ ကုန်တင်ကားမှာတပ်ဆင်ထားတဲ့ မိုဘိုင်းစနစ်နဲ့ပစ်တဲ့ ဒုံးကျည်ပတ်ခတ်မှုတွေကို ပြသခဲ့ပြီး ခန်ဇာဒီက အဖွဲ့သားတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ 

ပြည်တွင်းဖြစ် Simorgh တိုက်ခိုက်ရေးဒရုန်းဟာလည်း ပဲ့ထိန်းစမတ်ဗုံးတွေကိုအသုံးပြုပြီး ကီလိုမီတာ ၁၀၀၀ (၆၂၀ မိုင်) အကွာမှာရှိတဲ့ ရေထဲက ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တယ်လို့ အီရန်ရေတပ်ကပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly