အမေရိကန်သံတမန်အားလုံးအပေါ် တရုတ်က ကန့်သတ်ချက်များ ချမှတ်မည်

အမေရိကန်သံတမန်အားလုံးအပေါ် တရုတ်က ကန့်သတ်ချက်များ ချမှတ်မည်

 စက်တင်ဘာ ၁၂

နိုင်ငံမြေပေါ်က အမေရိကန်သံတမန်အားလုံးကို အပြန်အလှန် ကန့်သတ်ချက်များ ပြဋ္ဌာန်းချမှတ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။ 

အမေရိကန်က ၎င်းနိုင်ငံတွင်းရှိ တရုတ်သံရုံးအမှုထမ်းများအပေါ် ထိန်းချုပ်ဟန့်တားခြင်းများ လုပ်ဆောင်လာခြင်းကို လက်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။ 

ကုန်သွယ်ရေးအငြင်းပွားမှုများ၊ လူ့အခွင့်အရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ ဇစ်မြစ်တို့နှင့် ပတ်သက်ကာ ပြင်းထန်သည့် အပြန်အလှန်စွပ်စွဲမှုများဖြင့် ထွေးရောယှက်တင် ဖြစ်နေသည့် ကမ္ဘာ့ထိပ်တန်း စီးပွားရေးနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ပြီးခဲ့သည် လများအတွင်း တစ်စစ ယိုယွင်းလာခဲ့သည်။ 

တရုတ်၏ ပြည်ပမစ်ရှင်များအတွက် အလုပ်လုပ်ကိုင်နေကြသော အမှုထမ်းအဖွဲ့ဝင်များအပေါ် တက္ကသိုလ်များသို့ သွားရောက်လည်ပတ်ခြင်းနှင့် ပြည်တွင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းတို့တွင် ခွင့်ပြုချက် ယူရမည်ဆိုခြင်းကဲ့သို့သော ကန့်သတ်စည်းမျဉ်းသစ်များကို အမေရိကန်က ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် တရုတ်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ 

“အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့အပေါ် အပြန်အလှန် ကန့်သတ်ချက်များကို ကြေညာထားသည့် သံတမန်နို့တစ်စာတစ်စောင်ကို တရုတ်ဖက်က မကြာသေးမီ၌ ပေးပို့ခဲ့ကြောင်း။” နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဟောင်ကောင်က ကောင်စစ်ဝန်ချုပ်နှင့် အမှုထမ်းများအပါအဝင် အမေရိကန်သံရုံးနှင့် ကောင်စစ်ဝန်ရုံးအမှုထမ်းများ အားလုံးအတွက် မသတ်မှတ်ရသော တန်ပြန်ကန့်သတ်လုပ်ငန်းစဉ်များကိုလည်း ပြဋ္ဌာန်းရန် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြသည်။ 

“ယခု လုပ်ဆောင်ချက်များသည် မှားယွင်းသော အမေရိကန်၏ လုပ်ရပ်များကို တရုတ်၏ တရားဝင်ပြီး လိုအပ်သော တုံ့ပြန်မှုသာ ဖြစ်ကြောင်း။” ယင်းဝန်ကြီးဌာနက ဆိုပြီး အမေရိကန်အနေဖြင့် ၎င်း၏ အမှားများကို ချက်ချင်းပြင်ဆင်ရန်နှင့် ကန့်သတ်ထိန်းချုပ်မှုများ ရုပ်သိမ်းရန်လည်း တိုက်တွန်းပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly