စက်တင်ဘာ ၁၂
ရာနဲ့ချီတဲ့ ရွှေ့ပြောင်းရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်က စုတ်ချာတဲ့ကယ်ဆယ်ရေးစခန်းတွေဆီကနေ လွတ်မြောက်ဖို့ ပွဲစားတွေကို ပိုက်ဆံပေးခဲ့ကြရပြီး တစ်ပတ်အကြာ မလေးရှားမှာ ဘဝသစ်စကြရမယ်လို့ ကတိပေးခံခဲ့ကြရပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေအများစုပါတဲ့ ရိုဟင်ဂျာတွေဟာ စက်တင်ဘာ ၇ ရက်က အင်ဒိုနီးရှားကို မရောက်လာခင် ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၀၀ ထက်မနည်း ဖြတ်သန်းနေထိုင်ခဲ့ရပါတယ်။
အခုအခါ စူမာတြားကျွန်းမြောက်ဘက်ကမ်းရိုးတန်း အာချေးပြည်နယ်က လို့ခ်ဆူမာဝေမြို့အနီးမှာ ကယ်ဆယ်ရေးစခန်းတွေဆောက်ထားပြီး ရိုဟင်ဂျာ အယောက် ၃၀၀ နီးပါးကို ခိုလှုံခွင့်ပေးထားပါတယ်။
အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ပြောပြချက်အရ သူတို့ဟာ လူကုန်ကူးသမားတွေရဲ့ ရိုက်နှက်တာကိုခံရတဲ့အပြင် မုန်တိုင်းဒဏ်ကိုလည်း ခံခဲ့ကြရပြီး အစာရေစာ ပြတ်လပ်မှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ သေဆုံးသွားတဲ့သူတွေကိုလည်း လှေပေါ်ကနေ ပင်လယ်ထဲ ပစ်ချခဲ့ရတယ်လို့ပြောပါတယ်။
ရွှေ့ပြောင်းရိုဟင်ဂျာအမျိုးသမီးတစ်ဦးဖြစ်တဲ့ ကွန်မန်နာဟာက “ကျွန်မတို့ပွဲစားကို ပိုက်ဆံအများကြီးပေးခဲ့ရပါတယ်။ လှေနဲ့သွားပြီးရင် သင်္ဘောပေါ်တင်ပေးမယ်ဆိုပြီး မတင်ပေးခဲ့ပါဘူး။ ရိက္ခာနဲ့ရေပြတ်လပ်မှုတွေကြုံတွေ့ခဲ့ရပါတယ်။ လမ်းမှာလည်း လူတွေအများကြီးသေခဲ့တယ်” လို့ပြောပါတယ်။
နောက်ထပ်ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ မိုဟာမက်ရှာဖစ်က “ကျွန်တော်တို့ကို တစ်နေ့ ထမင်း လက်တစ်ဆုပ်လောက်ပဲကျွေးပါတယ်။ ထပ်တောင်းရင် အရိုက်ခံရတယ်။ နေ့တိုင်း လူတွေအများအပြားသေခဲ့တယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို သေတော့မယ်လို့ထင်တာ။ အလာရှင်မြတ်ဆီ ဆုတောင်းနေရတယ်။ မလေးရှားသွားမယ့် လှေပေါ်တက်ဖို့အတွက် ပွဲစားကို ဒေါ်လာ ၂ ၄၀၀ လောက်ပေးခဲ့ရတယ်။ ဒါပေမယ့် ပွဲစားက စက်မပါတဲ့လှေပေါ်တင်ပေးလိုက်ပြီး နောက်ဆုံး အင်ဒိုနီးရှားကိုရောက်လာခဲ့တာပါ” လို့ ပြောပြပါတယ်။
လမ်းခရီးမှာ မိခင်တွေနဲ့ ကလေးတွေဟာ ဖျားနာပြီး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်းမှာပဲ ရွှေ့ပြောင်းခိုလှုံသူ ရိုဟင်ဂျာ အယောက် ၂၀၀ ဝန်းကျင်လောက်သေဆုံးခဲ့ကြပြီး ဖျားနာတာ၊ ဆေးမရရှိနိုင်တာနဲ့ အစာ ဝလင်အောင်မစားရတဲ့အတွက် အားအင်ချည့်နဲ့ပြီးသေဆုံးကြတာဖြစ်တယ်လို့ UNHCR အင်ဒိုနီးရှားဌာနေကိုယ်စားလှယ် အန်းမေမန်း ကပြောပါတယ်။