Stay at Home မြို့နယ်ရှိ ဈေးများတွင် မရှိမဖြစ် စားသောက်ကုန်နှင့် ဆေးဝါးသာ ရောင်းခွင့်ပြုမည်

Stay at Home မြို့နယ်ရှိ ဈေးများတွင် မရှိမဖြစ် စားသောက်ကုန်နှင့် ဆေးဝါးသာ ရောင်းခွင့်ပြုမည်
ဓာတ်ပုံ - ဆုမြတ်မေဇော်

စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) သတ်မှတ်ထားသော မြို့နယ်ရှိ ဈေးများတွင် စက်တင်ဘာလ ၁၂ ရက်နေ့မှစပြီး မရှိမဖြစ် စားသောက်ကုန်နှင့် ဆေးဝါးသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ် ၂၈ မြို့နယ်ရှိ ဈေးများတွင် အဓိက စားသောက်ကုန်များနှင့် ဆေးဝါးသာ ရောင်းချရန်၊ လမ်းသွယ်များကို ပိတ်ဆို့ပြီး အဓိကလမ်းမကြီးများသာ သွားလာခွင့်ပြုထားခြင်း၊ လူအဝင်အထွက် ကန့်သတ်ခြင်းများ ပြုလုပ်ရန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ညွှန်ကြားထားကြောင်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဦးကျော်ဇေယျာဝင်းက “ဈေးကို စားသောက်ကုန်နဲ့ ဆေးဝါးကလွဲ၍ ကျန်တဲ့စားသောက်ဆိုင်များ မဖွင့်ရဘူး။ နောက် လူစုတဲ့ဆံပင်ညှပ်ဆိုင်တွေ၊ Fitness Center တွေ၊ အလှပြင်ဆိုင်တွေလည်း နောက်ဥပဒေ မထုတ်မချင်း ရပ်ထားမယ်” ဟု ပြောသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ယုဇနပလာဇာ၊ မင်္ဂလာဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ ရွှေပြည့်စုံဈေးကြီးများကိုလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ဆေးဝါးနှင့် စားသောက်ကုန် ဆိုင်အချို့သာ ဖွင့်လှစ်ခွင့်ပြုထားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မဇ္ဈိမကို ပြောသည်။

“မနက်ဖြန် စပိတ်ရမှာပါ။ ဒီနေ့ကတော့ ဆိုင်သမားတွေ၊ ပစ္စည်းသယ်တာတွေ၊ ဘာတွေ ရှိတယ်။ ဆိုင်တွေဆိုရင် ဆေးနဲ့ မရှိမဖြစ် စားသောက်ကုန် ပစ္စည်းဆိုင်ကလွဲလို့ ကျန်တဲ့ဆိုင်တွေ အားလုံးကို ပိတ်ဖို့ဆိုပြီးတော့ ယာယီ ပိတ်သိမ်းထားဖို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီအစီအစဉ်ကို အကောင်အထည် ဖော်နေတာပေါ့နော်” ဟု ဦးလှဌေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့က ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်ခံရသူတစ်ဦး တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေခဲ့ရာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၂၂၆၅ ဦးအထိ ရှိလာပြီး ရောဂါကြောင့်သေဆုံးသူ ၁၄ ဦး ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly