Mask တပ်ပါလျက်နဲ့ ပိုးကူးခံရသူတွေ များလာတာ ဘာကြောင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ 

COVID-19 ရဲ့ လှိုင်းဂယက်က မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်ရိုက်ခတ်လာတဲ့အခါ ပထမတစ်ခေါက်ကထက်ကို ပိုဆိုးလာတယ်ဆိုတာ အားလုံးလည်း တွေ့ကြပြီထင်ပါတယ်။ အရင်ကလည်း ခဏခဏ သတိပေးခဲ့ပါတယ်၊ COVID-19 ဟာ ရောဂါပိုးကူးစက်ခံရသူ မတွေ့တော့ဘူးဆိုတာနဲ့ ငြိမ်သွားတာမဟုတ်ပါဘူး။

ကာကွယ်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ ကျွန်တော်တို့နိုင်ငံကို မရောက်မချင်း ဒီရောဂါနဲ့ ပတ်သက်ပြီး အမြဲတွေးပူနေရမှာပါ။ တစ်စက္ကန့်လောက်လေး ဂရုမပြုမိတာနဲ့ ကူးစက်ခံရသူဟာ တစ်ရာကနေ တစ်ထောင်အဆင့်ကို စက္ကန့်ပိုင်းလေးအတွင်းမှာ မြင့်တက်သွားနိုင်ပါတယ်။

အခုတော့ လူတွေတော်တော်များများ ရောဂါကို ပြန်ကြောက်လန့်နေပြီး သွားလာတာက အစ ပြန်ပြီး ဂရုစိုက်လာတယ်၊ Mask ကိုလည်း သေချာပြန်တပ်လာတာကို တွေ့ရတာ တော်တော်လေးတော့ ကောင်းတဲ့အချက်လို့ ဆိုရမှာပါ။ ဒါပေမယ့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ကတော့ ခုထိ မြင့်တက်နေဆဲပါပဲ။

ဒါဆို Mask တပ်နေပါလျက်နဲ့ ကူးစက်ခံရသူတွေ ဘာလို့ တိုးလာသလဲ။

  • ၁။ Mask ကို ယတြာလို သဘောထားခြင်း

  • ကိုးကွယ်ယုံကြည်ရာ အဆောင်ယတြာတစ်ခုလို Mask ကို သဘောထားလို့ မရပါဘူး။ ဆိုလိုတာက မျက်နှာပေါ် Mask ကို အဖြစ်သဘောတပ်တာမျိုး၊ Mask ကို နှာခေါင်း၊ ပါးစပ် အကုန်ဖော်ပြီး စတိသဘောလောက်လေး တပ်ထားရုံနဲ့ ရောဂါပိုးက ကြောက်ပြီး မပြေးပါဘူးခင်ဗျ။ အဲဒီပိုးက ပါးစပ်တွေ၊ နှာခေါင်းကနေတစ်ဆင့် အသက်ရှူလမ်းကြောင်းမှ ကိုယ်ခန္ဓာထဲကို ဝင်ပြီး ကူးစက်တာပါ။
  • ၂။ Mask ကို ဖြစ်ကတတ်ဆန်း တပ်ခြင်း

မြင်ရတဲ့အထဲမှာ စိတ်မချမ်းသာဆုံးအရာကတော့ Mask ကို တလွဲတွေ တပ်ထားတဲ့ပြဿနာပါ။ အသက်ရှူမဝလို့ ဆိုပြီး တချို့က နှာခေါင်းပေါက်လေးကို ဖော်ပြီး Mask တပ်ကြတယ်။ တချို့ကျတော့လည်း ချွေးထွက်လို့ဆိုပြီး Mask ကို မေးစေ့ထိ ဆွဲချထားကြတယ်။

တချို့ကျလည်း ဘက်ပြောင်းပြန်တပ်ကြတယ်၊ ဥပမာ – အဖြူဘက်ခြမ်းက နှာခေါင်း၊ ပါးစပ်ရှိတဲ့ဘက်၊ အပြာဘက်ခြမ်းက အပြင်ဘက် တပ်ရမယ့်အစား ပြောင်းပြန်တွေ တပ်ထားတာမျိုးပါ။ ဒီလိုတပ်တော့ ဘာဖြစ်သလဲဆိုရင် Mask က ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်လာအောင် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိတော့ဘဲ ပိုးကူးစက်နှုန်းက ပိုပြီးများလာနိုင်ပါတယ်။

  • ၃။ Face Shield ကို Mask မပါဘဲ တပ်ခြင်း

Face Shield ကို အစပိုင်းက ကျန်းမာရေးစောင့်ရှောက်သူတွေသာ တပ်ဆင်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ပြည်သူတွေပါ တပ်ဆင်လာတာကို တွေ့ရပါတယ်။ Face Shield အကာရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ အရှေ့ဘက်က လူတွေဆီကနေ ရောဂါပိုးနဲ့ အမှုန်အမွှားတွေ ကိုယ့်ဆီကို လုံးဝဝင်မလာစေဖို့နဲ့ ကိုယ့်မှာ ပိုးရှိရင်လည်း သူများကို မကူးစေဖို့ ကာပေးထားတာပါ။

ဒါပေမယ့် ၃၆၀ ဒီဂရီ ကာပေးထားတာမဟုတ်ဘဲ အရှေ့ဘက်ကိုသာ ဦးစားပေးထားတာဖြစ်လို့ အနောက်ကနေ ရောဂါပိုးရှိသူတစ်ယောက်က ချောင်းဆိုးလိုက်ရင် ဘေးဘက်မှာ လွတ်နေတဲ့ အခြမ်းကနေ ပိုးတွေက ဝင်သွားပြီး Shield မှာသွားကပ်မယ်။ အဲ့ဒီမှာ Mask မတပ်တဲ့သူက နှာခေါင်းနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ Shield ကနေ ရောဂါပိုးတွေ အကုန်လုံးကို ရှူမိသားဖြစ်သွားတော့ပါပဲ။

  • ၄။ Cloth Mask ရဲ့ ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ခြင်း ပြဿနာ

Covid-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့သည် N95 Mask နဲ့ Surgical Mask တွေကို စနစ်တကျ တပ်ဆင်ခြင်းနည်းလမ်းသာ ရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံသည် အခြေခံလူတန်းစားတွေ များတဲ့အတွက် တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့်၊ စျေးကြီးပေးဝယ်ရတဲ့ ဒီလို Mask တွေကို တော်ရုံ မတတ်နိုင်ပါဘူး။ ဒီအခါ ထပ်တလဲလဲ အသုံးပြုလို့ရတဲ့ Cloth Mask ကို ပိုပြီးသုံးစွဲလာကြပါတယ်။

Cloth Mask ရဲ့ ပြဿနာက ၂ချက်ပါ။ ပထမတစ်ချက်က ပိုးသန့်စင်ထားတာမဟုတ်တဲ့အပြင် ရောဂါပိုးတွေ ကပ်သွားစေနိုင်တဲ့ Filter အလွှာ မခံထားတာပါ။ ဒုတိယတစ်ချက်က အပြင်က ပြန်လာပြီးတိုင်း Cloth Mask ကို ပိုးသန့်စင်ခြင်းမပြုတာပါ။ ပိုးပေါင်း သောင်းခြောက်ထောင်နဲ့ ထိတွေ့ထားနိုင်တဲ့ Cloth Mask ကို တချို့က အချိန်ဆွဲပြီးမှ လျှော်ဖွပ်တာမျိုးလည်း ရှိသလို တချို့ဆိုရင် လုံးဝမလျှော်ဘဲ တန်းမှာ လှန်းထားလိုက်တာမျိုးလည်း ရှိပါတယ်။

  • ၅။ လူသားမဆန်မှု

COVID-19 ပြန်ပြီး ဂယက်မထခင် တစ်ပတ်လောက်အလိုက ကျွန်တော် အပြင်ကို ဘတ်စ်ကားနဲ့ပဲ စီးပြီးသွားခဲ့တာပါ။ ဘတ်စ်ကားပေါ်က လူတွေ အကုန်လုံးကတော့ Mask ကိုယ်စီနဲ့ပါပဲ။

ဒါပေမယ့် အသက်ရှူကြပ်လို့ဆိုပြီး Mask ကို အောက်တစ်ဝက်လောက် လျှောချပြီးတပ်ထားသူတွေ၊ Mask ကို အသာလေးချွတ်ပြီး ကားပြတင်းပေါက်ကနေ တံတွေးလှမ်းထွေးလိုက်သူတွေကိုလည်း တွေ့ရပါတယ်။

ဒီတော့ စဉ်းစားစရာတွေ ရှိလာပါတယ်။ ကွမ်းတံတွေး လှမ်းထွေးလိုက်သူမှာ ရောဂါပိုးရှိနေခဲ့ရင် သူထွေးလိုက်တဲ့ နေရာမှာ ရောဂါပိုးက ပျံ့နှံ့သွားပါပြီ။ နောက်တစ်ချက်က ကားပြတင်းပေါက်ကနေ လှမ်းပြီးထွေးတာဖြစ်တဲ့အတွက် အပြင်က လေတွေက ကားထဲမှာ တိုက်ခတ်နေမှာပါ။

တံတွေးထွေးလိုက်တဲ့အခါ အဲဒီတံတွေးက အထဲက ဝင်လာတဲ့လေထဲ အမှုန်အမွှားတချို့ပါသွားနိုင်ပြီး Mask ကို နှာခေါင်း၊ ပါးစပ်ဖော်တပ်ထားသူတွေကို ကူးသွားနိုင်ခြေ အရမ်းများပါတယ်။

  • ၆။ Mask ကို လက်ဖြင့်ထိကိုင်ခြင်း

Mask တပ်တဲ့အခါ သတိထားသင့်တဲ့အချက်က အပြင်ဘက်ခြမ်းသည် ရောဂါပိုးများ ကပ်ငြိနေတဲ့ အခြမ်းဖြစ်ပါတယ်။ ဒီအတွက် တတ်နိုင်သလောက် Mask ရဲ့ အပြင်ဘက်ခြမ်းကို လက်နဲ့ထိတာမျိုး၊ အဲဒီအခြမ်းကနေ Mask ကို အောက်ဆွဲချတာမျိုး မလုပ်သင့်ပါဘူး။

လက်နဲ့ထိမယ်ဆိုရင် အရင်ဆုံး လက်ကို ဆပ်ပြာ၊ ရေနဲ့ ဆေးရပါမယ်။ ပြီးမှ Mask ရဲ့ ဘေးဘက်ခြမ်းက ကြိုးကို ဆွဲဖြုတ်ပြီး ကိုယ့်မျက်နှာကို ထိကိုင်ပါ။ ပြီးရင် လက်ကို ပြန်ဆေးပါ။

အပြင်က ပြန်လာရင်လည်း Mask ကို ဘေးကြိုးကနေပဲ ဖြုတ်ပြီး ပလတ်စတစ်အိတ်ထဲ စနစ်တကျ စွန့်ပစ်ပါ။ Cloth Mask ဆိုရင် ချွတ်ပြီးတာနဲ့ တစ်ခါတည်း တန်းလျှော်ပါ။ လက်မဆေးဘဲ မျက်နှာကို မထိကိုင်ပါနဲ့။ Mask မှာ ကပ်နေတဲ့ ပိုးက နှာခေါင်းထဲကို အလွယ်တကူ ဝင်သွားနိုင်ပါတယ်။

ကပ်ဘေးဆိုတာ ပေါ့ဆစရာမဟုတ်သလို အေးအေးဆေးဆေး နေလို့လည်း ရတဲ့အချိန်မဟုတ်ပါဘူး။ တတ်နိုင်သလောက် အိမ်မှာပဲ နေကြပါ။ အပြင်ကို မဖြစ်မနေ သွားစရာရှိရင်လည်း ကိုယ့်ကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုရော အမြဲသတိပြုပါ။

ချောင်းမဆိုးဘူး၊ ဖျားနာနေတဲ့ပုံ မပေါက်ဘူးဆိုတိုင်း ဒီလူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိပါဘူးလို့ သတ်မှတ်လို့မရပါဘူး။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly