အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို ရုရှားနှင့် တရုတ်ဟက်ကာများ ပစ်မှတ်ထားတိုက်ခိုက်နေဟု Microsoft သတိပေး 

အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို ရုရှားနှင့် တရုတ်ဟက်ကာများ ပစ်မှတ်ထားတိုက်ခိုက်နေဟု Microsoft သတိပေး 
Photo - AFP

စက်တင်ဘာ ၁၁

အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအပေါ် ပစ်မှတ်ထားသည့် တရုတ်၊ ရုရှားနှင့် အီရန်တို့ထံမှ ဆိုက်ဘာတိုက်ခိုက်မှုများကို တားဆီးဟန့်တားထားခဲ့ရကြောင်း  Micorsoft က စက်တင်ဘာ ၁၀ ရက်တွင် သတိပေးပြောကြားသွားခဲ့သည်။ 

အမေရိကန်ရွေးကောက်ပွဲ ကျင်းပရန် နှစ်လသာသာပင် လိုတော့ချိန်တွင် နည်းပညာကုမ္ပဏီများအနေဖြင့် ရွေးကောက်ပွဲ လုံခြုံရေးကို ကာကွယ်ရန် ကြိုးပမ်းနေကြလျက်ရှိသည်။ 

ရွေးကောက်ပွဲတစ်ခုတွင် အများပြည်သူ၏ ယုံကြည်မှုကို လျော့ပါးစေရန် ရည်ရွယ်သည့် မှားယွင်းသော သို့မဟုတ် အထင်အမြင်မှားစေနိုင်သော သတင်းအချက်အလက်များကို ဖယ်ရှားရေး မူဝါဒတစ်ရပ်ကို လာမည့်အပတ်တွင် အကောင်အထည်ဖော်မည်ဟု Twitter က ကြေညာခဲ့သည်။ 

တချိန်တည်းမှာပင် အခြားသော နည်းပညာကုမ္ပဏီကြီး Google ကလည်း ယင်း၏ “auto complete” search feature က အထင်အမြင်မှားစေသော သို့မဟုတ် မှားယွင်းသော ပြောဆိုဖော်ပြချက်များကို ရှောင်ရှားစေနိုင်ရေး လုပ်ဆောင်သွားမည်ဟု ပြောသွားခဲ့သည်။ 

ဟက်ကာတိုက်ခိုက်သူများသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန် တို့၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်းများမှ အမှုထမ်းများကို ပစ်မှတ်ထားခဲ့ကြောင်း Microsoft က လုံခြုံရေးဘလော့တစ်ခုတွင် ပြောသည်။ 

“ရှေ့လာမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘက်တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့အပတ်တွေတုန်းက မိုက်ခရိုဆော့ဖ်က ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်၊ ထရမ့်နဲ့ ဘိုင်ဒန် ရဲ့ ကမ်ပိန်းတွေနဲ့ ဆက်နွယ်နေသူတွေအပေါ် ပစ်မှတ်ထားတဲ့ မအောင်မြင်တဲ့ တိုက်ခိုက်မှုတွေ အပါအဝင်ပေါ့” ဟု Microsoft ၏ corporate vice president ဖြစ်သည့် Tom Burt က ပြောသည်။ 

“ကျွန်တော်တို့ ဒီနေ့မှာ ထုတ်ဖော်ကြေညာရတာကတော့ ကြိုတင်ခန့်မှန်းခဲ့သလိုပဲ ပြည်ပလှုပ်ရှားမှုအဖွဲ့အုပ်စုတွေဟာ ၂၀၂၀ ရွေးကောက်ပွဲကို ပစ်မှတ်ထားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဆက်လုပ်နေတယ်ဆိုတာကို ရှင်းရှင်း လင်းလင်းဖြစ်စေဖို့ပါပဲ၊ ဒါက အမေရိကန်အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေ ထုတ်ဖော်ထားခဲ့တာနဲ့လည်း ကိုက်ညီနေပါတယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါ တိုက်ခိုက်သူများသည် ဥရောပရှိ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားသူများ၊ think tank (နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့) များ၊ အတိုင်ပင်ခံလုပ်ငန်းများနှင့် နိုင်ငံရေးပါတီများကိုလည်း ဆန့်ကျင်လျက် လှုပ်ရှားနေခဲ့ကြောင်း Microsoft က ပြောသည်။ 

Microsoft ဖော်ထုတ်ခဲ့သည့် အဖွဲ့အစည်းများအနက် ရုရှားအခြေစိုက် Strontium ဟု ခေါ်သည့် အဖွဲ့သည် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု Burt က ပြောသည်။ ထို့ပြင် တရုတ်အခြေစိုက် Zirconium ကလည်း ရွေးကောက်ပွဲနှင့် ဆက်နွယ်ပတ်သက်နေသည့် လူသိများသည့် ပုဂ္ဂိုလ်များကို ပစ်မှတ်ထားခဲ့ကြောင်း၊ ယင်းအဖွဲ့က ဂျိုးဘိုင်ဒန်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် ဆက်နွယ်နေသူများ၊ နိုင်ငံတကာရေးရာ အသိုင်းအဝိုင်းမှ ထင်ရှားသည့် ခေါင်းဆောင်များကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း ၎င်းက ပြောသည်။ 

ထို့ပြင် အီရန်အခြေစိုက် Phosphorus အဖွဲ့ကလည်း ထရမ့် မဲဆွယ်စည်းရုံးမှုနှင့် ဆက်နွယ်ပတ်သက်နေသူများ၏ ကိုယ်ရေးအကောင့်များကို ပစ်မှတ်ထားခဲ့ကြောင်း Microsoft က ပြောသည်။ 

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာ ထည့်တွင်းတပ်ဆင်ထားတဲ့ လုံခြုံရေးစနစ်တွေက ဒီ တိုက်ခိုက်မှုတွေထဲက အများစုကို ထောက်လှမ်းတွေ့ရှိပြီး တားဆီးနိုင်ခဲ့ပါတယ်” ဟု Burt က ပြောသည်။ 

“ပစ်မှတ်ထားခံရသူတွေ ဒါမှမဟုတ် ထိခိုက်နိုင်သူတွေကို ကျွန်တော်တို့ တိုက်ရိုက်အကြောင်းကြားထားပြီးပါပြီ၊ ဒါမှ သူတို့အနေနဲ့ သူတို့ကိုယ်တိုင် ကာကွယ်သွားနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ရုရှားသည် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီ စာတိုက်ကနေတဆင့် မဲပေးမှုအပါအဝင် အမေရိကန် ရွေးကောက်ပွဲစနစ်အပေါ် မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို လျော့ပါးစေရန် ကြိုးပမ်းနေကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန၏ အကဲဖြတ်ချက်တစ်ခုတွင် ဖော်ပြသည်။ 

ရုရှားသည် ၂၀၁၆ ခုနှစ်က လုပ်ခဲ့သလိုပင် ထရမ့်ကို ထောက်ခံပြီး ဘိုင်ဒန်၏ သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုအပေါ် ဆန့်ကျင်လျက် တက်ကြွစွာ လုပ်ဆောင်နေကြောင်း အမျိုးသား တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာမှ သြဂုတ်လတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ဖော်ပြခဲ့သည်။ 

“တရုတ်၊ အီရန် နဲ့ ရုရှားဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီကို တိုက်စားဖို့နဲ့ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲတွေအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းနေတယ်” ဆိုသည့် ပြည်တွင်းလုံခြုံရေးဌာန၏ သတိပေးချက်ကို Microsoft ၏ ကြေညာ ချက်က အတည်ပြုပေးရာ ရောက်ကြောင်း ယာယီဝန်ကြီး Chad Wolf က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly