၁၉၄၀ က နစ်မြုပ်သွားခဲ့တဲ့ နာဇီစစ်သင်္ဘောကို နော်ဝေကမ်းခြေအနီး ပင်လယ်အောက်မှာ ပြန်တွေ့

By AFP
11 September 2020
၁၉၄၀ က နစ်မြုပ်သွားခဲ့တဲ့ နာဇီစစ်သင်္ဘောကို နော်ဝေကမ်းခြေအနီး ပင်လယ်အောက်မှာ ပြန်တွေ့
Photo - AFP

စက်တင်ဘာ ၁၁

လွန်ခဲ့တဲ့ ၁၉၄၀ ပြည့်နှစ်က နော်ဝေနိုင်ငံ ပင်လယ်ကမ်းခြေရဲ့ မလှမ်းမကမ်း ပင်လယ်ပြင်မှာ တော်ပီဒိုနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ရေအောက် နစ်မြှုပ်ပစ်ခံခဲ့ရတဲ့ နာဇီစစ်သင်္ဘောတစ်စင်းကို ယခုအခါ ပင်လယ်ရေအောက် အနက် ၄၉၀ မီတာ (၅၃၅ ကိုက်) မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ 

ဒါဟာ ပင်လယ်ရေအောက် ပါဝါကေဘယ်လိုင်း စစ်ဆေးမှုတစ်ခု လုပ်ခဲ့စဉ်အတွင်း မထင်မှတ်ဘဲ ဒီ သင်္ဘောပျက်ကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ရှာတွေ့သူတွေက စက်တင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ 

“တခါတလေမှာ ကျွန်တော်တို့ဟာ သမိုင်းဝင် အကြွင်းအကျန် ပစ္စည်းတွေ ရှာတွေ့တတ်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခုလောက် စိတ်လှုပ်ရှားစရာ ကောင်းတာမျိုးကိုတော့ ကျွန်တော်အရင်က တခါမှ မတွေ့ခဲ့ဖူးပါဘူး” လို့ နော်ဝေရဲ့ ပါဝါကွန်ရက်အော်ပရေတာ Statnett ရဲ့ အင်ဂျင်နီယာချုပ် အိုလေ ပက်တာ ဟော့ဘာစတက်ဒ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

အတိုင်းအတာအားဖြင့် ၁၇၄ မီတာ (၅၇၁ ပေ) ရှိတဲ့ ဂျာမန် ရေတပ်သင်္ဘော Karlsruhe ဟာ ဒုတိယကမ္ဘာစစ်အတွင်းက နော်ဝေကို ကျူးကျော်ခဲ့ရာမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

၁၉၄၀ ဧပြီ ၉ ရက်မှာ စစ်သည်တပ်ဖွဲ့ဝင်တွေ သင်္ဘောပေါ်ကနေ ဆင်းသွားခဲ့တဲ့နောက်မှာ အဆိုပါ ဂျာမန် စစ်သင်္ဘောဟာ နော်ဝေ အမြှောက် ထိမှန်ခဲ့ပြီး ယင်းနောက် ဗြိတိန် ရေငုပ်သင်္ဘောတစ်စင်းရဲ့ တော်ပီဒိုနဲ့ တိုက်ခိုက်တာကိုပါ ခံခဲ့ရပါတယ်။ 

ယင်းနောက် သင်္ဘောဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ နော်ဝေ တောင်ပိုင်းစွန်းက Kristiansand ဆိပ်ကမ်းပြင်ပ ပင်လယ်ပြင်မှာ ယင်းကို နစ်မြှုပ်ပစ်ဖို့ ဂျာမန် ကပ္ပတိန်က အမိန့်ပေးခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ သုံးနှစ်အကြာလောက်တုန်းက Statnett ရဲ့ ဆိုနာတွေဟာ နော်ဝေနဲ့ ဒိန်းမတ်အကြား ကေဘယ်လိုင်းတစ်ခုအနီး အမည်မဖော်နိုင်တဲ့ သင်္ဘောပျက်ကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေအနေနဲ့ အဲဒါကို စုံစမ်းစစ်ဆေးဖို့ အချိန်မရှိခဲ့ဘူးလို့ Statnett က ပြောပါတယ်။ 

ဒါပေမယ့် ဇွန်လ ၃၀ ရက်မှာတော့ ယင်းဧရိယာမှာ မုန်တိုင်းတစ်ခု ဝင်ပြီးနောက်ပိုင်း ကုမ္ပဏီအဖွဲ့တစ်ခုကို အဝေးထိန်းယာဉ် (ROV) နဲ့အတူ သင်္ဘောပျက်ကို စစ်ဆေးဖို့ စေလွှတ်တာဝန်ပေးခဲ့ပါတယ်။ 

ကေဘယ်လိုင်းရဲ့ ၁၅ မီတာအကွာလောက်မှာ တော်ပီဒိုထိမှန်ထားတဲ့ ကြီးမားတဲ့ သင်္ဘောပျက်တစ်ခု ရှိနေတာကို ROV က ပြသခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အမြှောက်တွေနဲ့ နာဇီသင်္ကေတက မြင်ကွင်းမှာ ပေါ်လာခဲ့ချိန်ကျမှ အိုလေ ပက်တာ ဟော့ဘာစတက်ဒ် တို့ အဖွဲ့သားတွေဟာ ဒါ စစ်ပွဲအတွင်းက သင်္ဘောဆိုတာကို သိရှိခဲ့တာဖြစ်ပါတယ်။ 

ယင်းနောက် အဆိုပါ သင်္ဘောပျက်ဟာ Karlsruhe စစ်သင်္ဘောဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုအောင် မှန်ကန်တယ်ဆိုပြီး နော်ဝေ ပင်လယ်ရေကြောင်းပြတိုက်ကလည်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ 

အဆိုပါ သင်္ဘောပျက်ကတော့ Kristiansand ရဲ့ပြင်ပ ရေမိုင် ၁၃ မိုင်အကွာမှာ တည်ရှိနေတာဖြစ်ပြီး သင်္ဘောပျက်ဟာ တိမ်းစောင်းခြင်းမရှိဘဲ ပင်လယ်ကြမ်းပြင်မှာ တည့်တည့်မတ်မတ် ရှိနေတယ်လို့ သိရပါတယ်။ 

ဂျာမနီမြောက်ပိုင်း Kiel မြို့မှာ တည်ဆောက်ခဲ့တဲ့ အဆိုပါ စစ်သင်္ဘောကိုတော့ ၁၉၂၇ ခုနှစ်မှာ ရေချခဲ့တာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly