ဧရာမပေါက်ကွဲမှုကြီးဖြစ်ပြီး ၁ လအကြာ ဘေရွတ်ဆိပ်ကမ်းမှာ ကြီးမားတဲ့ မီးလောင်မှု ဖြစ်ပြန် 

By AFP
11 September 2020
ဧရာမပေါက်ကွဲမှုကြီးဖြစ်ပြီး ၁ လအကြာ ဘေရွတ်ဆိပ်ကမ်းမှာ ကြီးမားတဲ့ မီးလောင်မှု ဖြစ်ပြန် 
Photo - AFP

စက်တင်ဘာ ၁၁ 

လူသေဆုံးစေတဲ့ ဧရာမပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ထားခဲ့တဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက်က ကြီးမားတဲ့ မီးလောင်မှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ 

ပြီးခဲ့တဲ့လက လူ ၁၉၀ ကျော် သေဆုံးစေခဲ့သလို ဘေရွတ်မြို့ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့တဲ့ ဧရာမပေါက်ကွဲမှုကြီးရဲ့ ဒဏ်ကြောင့် ဒယီးဒယိုင်ဖြစ်နေဆဲ လက်ဘနွန်ပြည်သူတွေအကြား အဆိုပါ မီးလောင်မှုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ရပြန်ပါတယ်။ 

မီးလောင်မှုဖြစ်ပြီး မီးခိုးမည်းလုံးကြီးတွေ ကောင်းကင်ပေါ် တစ်လိပ်လိပ်တက်နေချိန်မှာ တာဝန်ရှိသူတွေဟာ ရဟတ်ယာဉ်တွေ အသုံးပြုပြီး မီးကို ကြိုးစားငြှိမ်းသတ်ခဲ့ပါတယ်။ 

ယမန်နေ့က လောင်ကျွမ်းတဲ့ မီးဟာ ဆီနဲ့ တာယာတွေကို သိုလှောင်သိမ်းဆည်းထားတဲ့ ကုန်သိုလှောင်ရုံတစ်ခုကို ဝါးမျိုလောင်ကျွမ်းခဲ့တယ်လို့ လက်ဘနွန်စစ်တပ်က ပြောပါတယ်။ 

မီးဘာကြောင့် လောင်ခဲ့ရတယ် ဆိုတဲ့ အကြောင်းရင်းကို လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

“မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို စလုပ်နေပါတယ်၊ စစ်တပ် ရဟတ်ယာဉ်တွေလည်း ပူးပေါင်းပါဝင်သွားပါမယ်” လို့ လက်ဘနွန် စစ်တပ်က တွစ်တာကနေ ထုတ်ပြန်ပါတယ်။ 

ဆိုရှယ်မီဒီယာသုံးသူတွေက မီးလောင်နေတဲ့ ဗီဒီယိုပုံရိပ်တွေကို အွန်လိုင်းပေါ် တင်ခဲ့ရာမှာတော့ ပြီးခဲ့တဲ့လ နိုင်ငံမှာ အဆိုးရွားဆုံးသော ပေါက်ကွဲမှုဖြစ်စဉ်အောက်ကနေ ပြန်လည်ထူမတ်ရုံမျှသာ ရှိနေသေးတဲ့ ဘေရွတ်ဒေသခံတွေအကြား ထိတ်လန့်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ 

“တကယ့်ကို ရူးချင်စရာကောင်းတဲ့ ဆိပ်ကမ်းမီးလောင်မှုပေါ့ဗျာ၊ ဒါက ဘေရွတ်မြို့ တစ်မြို့လုံးက ပြည်သူတွေကို ထိတ်လန့်စေခဲ့ပါတယ်၊ ကျွန်တော်တို့ ကံကို မကောင်းဘဲဖြစ်နေတယ်ဗျာ” လို့ Human Rights Watch သုတေသီ အေယာ မာဇိုက တွစ်တာမှာ ရေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်က ဘေရွတ်မြို့ ဆိပ်ကမ်းမှာ အမိုးနီးယမ်း နိုက်ထရိတ် တန်ချိန်ပေါင်းများစွာ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့လို့ လူ ၁၉၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သလို မြို့ရဲ့ အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့ရပါတယ်။ 

အဆိုပါ ဧရာမပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပြီးနောက် ဒီလို ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ အစုအပုံလိုက် ရှိနေခဲ့တာကို အာဏာပိုင်တွေ အရင်ကတည်းက သိရှိထားခဲ့တယ်ဆိုတဲ့အချက် ထွက်ပေါ်လာခဲ့ပြီးနောက် ကျယ်ပြန်တဲ့ အမျက်ဒေါသထွက်မှုတွေ ရှိခဲ့သလို လက်ဘနွန်အစိုးရအဖွဲ့လည်း နုတ်ထွက်ပေးခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly