NLD အစိုးရ ရင်ဆိုင်ရမည့် သမ္မတတင်မြှောက်ရေး၊ တပ်မတော်နှင့် တိုင်းရင်းသား ပဋိပက္ခများ

NLD အစိုးရ ရင်ဆိုင်ရမည့် သမ္မတတင်မြှောက်ရေး၊ တပ်မတော်နှင့် တိုင်းရင်းသား ပဋိပက္ခများ

နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်နေရာ အများစုတွင် အနိုင်ရလာနေသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်လာခဲ့သည်။ ကော့မှူး မြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မဲဆန္ဒ ၅၄၆၇၆ မဲ ရရှိခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်သစ်တွင် လွှမ်းမိုးနိုင်မည့် အလားအလာ ရှိနေသည်။ သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အခက်အခဲအမျိုး မျိုးနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။ အလားတူ ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာရေး အတွက်လည်း ခက်ခက်ခဲခဲ လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများအနက် အဓိကအကျဆုံး စိန်ခေါ်မှုများမှာ -

သမ္မတတင်မြှောက်ရေး

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တောင်ပြိုကမ်းပြို အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံခြားသားကို လက်ထပ်ထားသူ သို့မဟုတ် သားသမီးများသည် နိုင်ငံခြားသား ဖြစ်နေပါက ထိုသူသည် သမ္မတဖြစ်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသား ခင်ပွန်းသည်ကို လက်ထပ်ခဲ့ပြီး သူ၏သားနှစ်ဦးမှာလည်း ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည်။

ရွေးကောက်ပွဲနေ့ဖြစ်သော နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် မေးမြန်းမှုတစ်ခုတွင် ရွေးကောက်ပွဲတွင် သူ၏ပါတီအနိုင်ရခဲ့ပါက သူသည်သမ္မတအထက်မှ နေ၍ အစိုးရအဖွဲ့ကို ဦးဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ ထိုဖြေကြားချက်သည် မဲဆန္ဒရှင်များကို အားပေးရာ ရောက် ခဲ့သော်လည်း ပညာရှင်အသိုင်းအဝိုင်းတွင်မူ ထူးဆန်းသည့် စကားဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတလောင်းအဖြစ် မည်သူ့ကို ရွေးချယ်မည် ဆိုသည့်အချက်အား ရှင်းပြခြင်း၊ အသိပေးခြင်း မရှိသေးပေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရဖွဲ့နိုင်လောက်သည့် လွှတ်တော် အမတ်ဦးရေ ရရှိခဲ့မည်ဆိုပါက မည်သို့ ဦးဆောင်မည် ဆိုသည့်အချက်သည် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ပါတီအတွင်း၌ အစိုးရအဖွဲ့ကို ဦးဆောင်ဖူးသည့် အတွေ့အကြုံရှိသူ တစ်ဦးတစ်ယောက်မျှ ရှိမနေပါ။

တပ်မတော်၏အင်အား

ရွေးကောက်ပွဲတွင် မည်သူ အနိုင်ရခဲ့သည်ဖြစ်စေ မြန်မာ့တပ်မတော်သည် အစိုးရကဲ့သို့ ထိရောက်သည့် အင်အားကို ဆက်လက် ပိုင်ဆိုင်နေမည်ဖြစ်သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းမှာ လွှတ်တော်တွင်း ဆက်ရှိနေမည်ဖြစ်သည်။ အရိုးရှင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ပါတီသည် လွှတ်တော်အမတ် သုံးပုံနှစ်ပုံအနိုင်ရခဲ့လျှင်လည်း တပ်မတော်သား ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း အင်အားစုများအဖြစ် ဆက်ရှိနေမည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့ ပေါ်လာလျှင်လည်း တပ်မတော်သည် နိုင်ငံရေးနှင့် သြဇာရှိမှုအပိုင်းတွင် ဆက်လက် အားကောင်း နေမည်သာ ဖြစ်သည်။

အခြေခံ ဥပဒေပြင်ဆင်ရေးကဲ့သို့ အရေးကြီးသည့် ပြဋ္ဌာန်းချက်များ ဖော်ဆောင်မည်ဆိုပါက ထောက်ခံသူ အနည်း ဆုံး ၇၅ ရာခိုင်နှုန်းကျော် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် အရေးကြီးသော ဝန်ကြီး ဌာနများ ဖြစ်သည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ဝန်ကြီးများကို တပ်မတော်က ခန့်အပ်ပိုင်ခွင့် ရှိထားသည်။ အခြေခံဥပဒေတွင်လည်း အမျိုးသား လုံခြုံရေးနှင့် အချုပ်အချာ အာဏာကို ခြိမ်းခြောက်လာသည့် အကြောင်းအရာများ ပေါ်ထွက်လာပါက နိုင်ငံ့အာဏာကို တပ်မတော်က ပြောင်းလဲ တာဝန်ယူနိုင်သည့် အချက်တစ်ချက်လည်း ပါဝင်သည်။

 

တိုင်းရင်းသား ပဋိပက္ခများ

မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ်ကို ပြီးခဲ့သည့်လက လက်မှတ်ရေးထိုးခဲ့သည်။ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် အဓိကအကျဆုံး သဘောတူညီမှု တစ်ရပ် ဖြစ်သော်လည်း စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များလည်း ကျန်နေသေးသည်။

တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ထွက်ပေါ်လာခြင်းသည် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့် ရလိုခြင်းကို အခြေခံကာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့များထဲတွင် ပြီးခဲ့သည့်နှစ်များအတွင်း တပ်မတော်နှင့် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ခဲ့သော ကေအိုင်အေအဖွဲ့ ပါဝင်ခြင်း မရှိသေးပါ။

လက်မှတ်မထိုးရသေးသည့် အဖွဲ့များသည်လည်း တပ်မတော်နှင့် အစိုးရအဖွဲ့ကို တိုင်းရင်းသား များ၏တောင်းဆိုမှုနှင့် ပတ်သက်၍ စောင့်ကြည့်နေပြီး တပ်မတော်ဘက်ကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိန်းသိမ်းရန် လက်နက်ကိုင် တိုက်ခိုက်မှုများ ဆက်လက်မလုပ်ရန် အကြံပြုထားသည်။

 

မူဆလင်နှင့်ဘင်္ဂါလီအရေး

မူဆလင်များ၏အခွင့်အရေး၊ ဘင်္ဂါလီများနှင့် ပတ်သက်သော အကြောင်းအရာ များတွင် ဒေါ်အောင်ဆန်း စုကြည် နှုတ်ဆိတ်နေခဲ့မှုအတွက် ပြည်ပမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ နိုင်ငံတွင် သူလုပ်နိုင်သည်မှာ အဖွဲ့ အစည်းနှစ်ရပ် သင့်မြတ်ရေးသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂါလီအရေးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများထဲမှ ပြဿနာတစ်ခု ဖြစ်ခြင်းကြောင့် ပုံကြီးချဲ့ခြင်းမျိုး မလုပ်ရန် တိုက်တွန်းခဲ့သည်။

ရွေးကောက်ပွဲ အကြိုကာလတွင် လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့က ထုတ်ပြန်ခဲ့သော သတင်း ထုတ်ပြန်ချက်တစ်ရပ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မူဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုးပွားလာမှုနှင့် ပတ်သက်၍ ပိုကောင်းသည့် စွမ်းဆောင်ရည်မျိုး လုပ်ဆောင် နိုင်ဖွယ်မရှိ၍ မူဆလင်များအတွက် မျှော်လင့်ချက် ဆက်လက်ကင်းမဲ့ကာ စိန်ခေါ်မှုများ ရှိနေဦးမည်ဟု ဖော်ပြခဲ့သည်။

 

http://indianexpress.com တွင် ဖေါ်ပြပါရှိသည့် The challenges Aung San Suu Kyi faces in a long-repressed country  ဆောင်းပါးကို ဘာသာပြန်ဆို ဖေါ်ပြခြင်းဖြစ်သည်။