ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းရွာသားများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ စစ်ဆေးပေး

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းရွာသားများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ စစ်ဆေးပေး

စက်တင်ဘာ ၁၀

ထိုင်း-မြန်မာနယ်စပ်အနီးရှိ မြန်မာရွှေ့ပြောင်း ဝင်ရောက်မှု အမြင့်ဆုံးဖြစ်သည့် တာ့ခ်ခရိုင်တွင် ထိုင်းကျေးရွာသားများနှင့် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၆၀၀ ကျော်ကို ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများ စက်တင်ဘာလ ၉ ရက်နေ့က လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တရှိန်ထိုး မြင့်တက်နေသဖြင့် စိုးရိမ်ရသောကြောင့် နယ်စပ်ဧရိယာများတွင် လူအမြောက်အမြားကို စစ်ဆေးမှုများ လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်း စာက ဖော်ပြသည်။

ထိုင်းဒေသခံ ၁၆၄၁ ဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သား ၉၉၄ ဦး၊ စုစုပေါင်း ၂၆၃၅ ဦးကို Reverse transcription polymerase chain reaction (RT-PCR) စစ်ဆေးမှု လုပ်ခြင်းဖြစ်ပြီး ယနေ့တွင် ရလဒ်ကို ထုတ်ပြန်ပေးနိုင်ဖွယ်ရှိကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေး အင်စတီကျုမှ ညွှန်ကြားရေးမှူး ဒေါက်တာ အာနက် မွန်ဂါအွန်လန်က ပြောသည်။

ကျေးရွာသားများ နှာခေါင်းစည်းတပ်ကြရန်နှင့် ခပ်ခွာခွာနေကြရန် ဒေါက်တာ အာနက်က တိုက်တွန်းထားသည်။

ဘန်ကောက်တွင် အကျဉ်းသားတစ်ဦးကို ရုံးထုတ်စစ်ဆေးပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်နေကြောင်း တွေ့ရှိရသဖြင့် တရားရုံးရှိ ဝန်ထမ်း ၁၅၉ ဦးစလုံး ဆေးစစ်ခဲ့ရသည်။ သို့သော် ရုံးထုတ်စဉ် အကျဉ်းသားက နှာခေါင်းစည်းတပ်ထားခဲ့သဖြင့် တရားရုံးဝန်ထမ်းများကို ကူးစက်ခြင်း မရှိခဲ့ဟု ဒေါက်တာ အာနက်က နမူနာပေး ပြောကြားခဲ့သည်။

မိုင် ၃၄၀ ရှည်လျားသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် စစ်ဆေးရေးဂိတ်များနှင့် ဆေးရုံများတွင် ကိုဗစ်-၁၉ စစ်ဆေးမှုပြုလုပ်နိုင်ရန် ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူ့ကျန်းမာရေး အရာရှိ ၃၀၀ ကို တာဝန်ပေးထားသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်သူ မရှိစေရန် စောင့်ကြည့်နေကြောင်း လူဝင်မှုကြီးကြပ်ရေး ဗြူရိုမှ ကော်မရှင်နာ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ဆွမ်ပွန် ချင်ဒေါင်က ပြောသည်။ ဖမ်းမိသူအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးရန် ပို့ဆောင်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က တာ့ခ်ခရိုင်၊ တာဆောင်ယန်းတွင် လူမှောင်ခိုကူးသူ ထိုင်းတစ်ဦးနှင့်အတူ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း လူမှောင်ခိုကူးသူ တစ်ဦးနှင့် မြန်မာနိုင်ငံသား ကိုးဦးကိုလည်း ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်တွင်လည်းကောင်း၊ ရတ်ချာဘူရီရှိ ဘန်ခတွင်လည်း နောက်ထပ် မြန်မာနိုင်ငံသား ကိုးဦးကိုလည်း ကောင်း ဖမ်းမိခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly