တရုတ် ပံ့ပိုးသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ပရော့ဂျက်တွင် အဆိုပြုယှဉ်ပြိုင်သူအသစ်များ ဖိတ်ခေါ်ရေး မြန်မာ ရှေ့တိုး လုပ်ဆောင် 

By South China Morning Post 
10 September 2020
တရုတ် ပံ့ပိုးသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ပရော့ဂျက်တွင် အဆိုပြုယှဉ်ပြိုင်သူအသစ်များ ဖိတ်ခေါ်ရေး မြန်မာ ရှေ့တိုး လုပ်ဆောင် 

စက်တင်ဘာ ၁၀ 

အလွန်ကြီးမားလှသော ရန်ကုန်မြို့သစ် စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီ China Communications Construction Company (CCCC) ထံမှ အဆိုပြုချက်တစ်ရပ်ကို စိန်ခေါ်ယှဉ်ပြိုင်မည့် ကုမ္ပဏီများကို ခွင့်ပြုရေးအတွက် မြန်မာတာဝန်ရှိသူများအနေဖြင့် ရှေ့တိုးလုပ်ဆောင်လျက် ရှိပြီး နောက်တစ်ဆင့် ပိုမိုတက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ 

ယင်းမတိုင်မီကလည်း မြန်မာတာဝန်ရှိသူများသည် တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် ဂျာမနီ အတိုင်ပင်ခံကုမ္ပဏီ Roland Berger ကို ငှားရမ်းထားသည်။ 

Swiss Challenge ဟု ခေါ်သည့် စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီ ရွေးချယ်မှုပုံစံအရလည်း အရှေ့တောင်အာရှ မြန်မာနိုင်ငံကို ယင်း၏ အများပြည်သူဆိုင်ရာ ယှဉ်ပြိုင်အဆိုပြုကမ်းလှမ်းမှုပိုင်းတွင် ပွင့်လင်းမြင်သာမှုကို ထုတ်ဖော်နိုင်မည့် အခွင့်အရေးတစ်ခု ပေးနိုင်မည် ဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ (မူရင်း) များအပေါ် စစ်တပ်၏ နှိမ်နင်းမှုအတွက် ကြုံတွေ့ခဲ့ရသည့် ဆန်ရှင်များကို ထောက်ရှုခြင်းအားဖြင့်လည်း ရင်းနှီးမြှုပ်နှံသူများကို အရေးကြီးသော အချက်ပြမှုတစ်ခု ထုတ်ဖော်ပြသနိုင်ရန် ရှိနေသည်။ 

အဆိုပါ လုပ်ငန်းစဉ်အရ မြန်မာအနေဖြင့် တရုတ်နှင့် အမေရိကန်အကြား သတိကြီးစွာ ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သလို တစ်ဘက်တွင်လည်း နိုင်ငံခြာရင်းနှီးမြှုပ်နှံမှုအတွက် ယင်း၏ လိုအပ်မှုများနှင့် CCCC နှင့် လုပ်ကိုင်ရသည့် အရဲစွန့်ရမှုတို့ကို ဟန်ချက်ထိန်းညှိနေရခြင်းကို မြင်တွေ့ရသည်ဟု အကဲဖြတ်သုတေသီများ၊ အတိုင်ပင်ခံများက ပြောသည်။ 

CCCC သည် အငြင်းပွားတောင်တရုတ်ပင်လယ်တွင် ယင်း၏ လုပ်ကိုင်မှုအတွက် မကြာသေးမီကမှ အမေရိကန်၏ အမည်ပျက်စာရင်းသွင်းခြင်းကို ခံထားခဲ့ရသည်။ 

Swiss Challenge က ဤ အားလုံးသော ရည်မှန်းချက်များကို တစ်ပြိုင်နက်တည်း ထိမိစေရန် မြန်မာအတွက် လွတ်မြောက်ရာ အချက်တစ်ခု ဖြစ်လာရေး ပြသနိုင်သည်ဟု ၎င်းတို့က ပြောသည်။ 

၂၀၁၈ ခုနှစ်က မြန်မာသည် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် အများပြည်သူ-ပုဂ္ဂလိက ရန်ကုန်မြို့သစ် ပရောဂျက် ပထမအဆင့် တည်ဆောက်မည့် အဆိုပြုချက်တစ်ရပ်ကို CCCC ကို ရေးဆွဲခွင့် ပြုခဲ့သည်။ ယင်းပရောဂျက်သည် မြို့သစ်တစ်ခုဖြစ်ပြီး ယင်းတွင် ဓာတ်အားပေးစက်ရုံများ၊ တံတားများ၊ လမ်းများ၊ ရေဆိုးသန့်စင် စက်ရုံများကဲ့သို့ အခြေခံအဆောက်အအုံများ ပါဝင်မည်ဖြစ်သည်။ 

သို့သော် Swiss Challenge ၏ သတ်မှတ်ချက်များအောက်တွင် တရုတ်နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီထံမှ အဆိုပြုချက်ထက် သာလွန်အောင် လုပ်ဆောင်နိုင်ရန် အခြားသော ပါဝင်လုပ်ကိုင်သူများကိုလည်း ကမ်းလှမ်းထားသည်။ 

CCCC ၏ ကနဦး အစီအစဉ် ထုတ်ဖော်ပြီးနောက် များမကြာမီ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများဆီ ချိတ်ဆက်မည့် ၁၇၀၀ ကီလိုမီတာ အရှည်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ရန်ကုန်မြို့သစ် စီမံကိန်းကို သတ်မှတ်ခဲ့သည်။ 

ထို့ပြင် ယင်းပရောဂျက်သည် အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပတို့ကို အခြေခံအဆောက်အအုံဖြင့် ချိတ်ဆက်ရန် ရည်မှန်းသည့် တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်းအောက်တွင်လည်း အကျုံးဝင်သည်။ 

ယမန်နှစ်က ပရောဂျက်တွင် အဓိက တာဝန်ခံထားသည့် အေဂျင်စီဖြစ်သည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) က အဆိုပြုကမ်းလှမ်းယှဉ်ပြိုင်မှုအတွက် အဆိုပြုရန် ကုမ္ပဏီများကို စတင်ဖိတ်ခေါ်ခဲ့သည်။ 

“ဒီကနေ့မှာ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို လှမ်းနိုင်ခဲ့ပါပြီ၊ ရန်ကုန်မြစ် တစ်ဘက်ကမ်းမှာ ခေတ်မီ မြို့သစ်တစ်ခု ဖော်ဆောင်မယ့် ကျွန်တော်တို့ရဲ့ စိတ်ကူး ပုံပေါ်လာဖို့အတွက် ပထမအဆင့် ခြေလှမ်းတွေကို ကျွန်တော်တို့ လှမ်းနေပါပြီ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ယခုအပတ်ထဲ ထုတ်ပြန်ပြောကြားသည်။ 

“နိုင်ငံစီးပွားရေးအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ထိခိုက်သက်ရောက်မှုတွေကို လျော့ပါးသက်သာစေဖို့အတွက် ပိုမို အရည်အသွေးကောင်းတဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ လိုအပ်သလို အချိန်နဲ့ တပြေးညီလုပ်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စက်မှုဇုန်တစ်ခု ထူထောင်မှုကို အရင်ဆုံး အာရုံစိုက်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ 

“ ဖွံ့ဖြိုးရေး ပရောဂျက်ရဲ့ စီးပွားရေးဆိုင်ရာ အလားအလာကောင်းမှုကိုကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ ဒီပရော့ဂျက်ကို အပိုင်းလိုက် အကောင်အထည်ဖော်တာက ပွင့်လင်းတဲ့ နိုင်ငံတကာ ယှဉ်ပြိုင်တင်ဒါခေါ်ခြင်းကနေတစ်ဆင့် အပါအဝင် နိုင်ငံတကာကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံး လုပ်ကိုင်မှုပုံစံကို လိုက်နာရာ ရောက်စေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

Roland Berger သည်လည်း ၂၀၁၂ ခုနှစ်ကတည်းကစ၍ လိုအပ်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး ပရောဂျက်များအတွက် မြန်မာနှင့်အတူ လုပ်ဆောင်ထားလျက် ရှိသည်။ 

အဓိကကျသည့် stakeholders (စီမံကိန်းတစ်ခု ဖော်ဆောင်ရာမှာ အကျိူးသက်ရောက်မှု တိုက်ရိုက်ခံရသူ) များနှင့် ဆက်သွယ်ဆက်ဆံခြင်းနှင့် အနိုင်ရသည့် ကမ်းလှမ်းသူကို ခန့်အပ်တာဝန်ပေးခြင်းအပိုင်းနှင့် ဂျာမန် အတိုင်ပင်ခံလုပ်ငန်းကို တာဝန်ယူစေမည်ဖြစ်သည်။ 

အစိုးရအနေဖြင့် ကန်ဒေါ်လာ ၇ သန်းခန့်သာ ထည့်ဝင်ပါဝင်ရန် စီစဉ်ထားသည့်အတွက် တရားဝင် အဆိုပြုအောင်မြင်သူ မည်သည့်ကုမ္ပဏီမဆို ကြီးမားသည့် ရင်းနှီးငွေ ပမာဏတစ်ရပ်ကို ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်သွားရမည်ဖြစ်သည်ဟု NYDC ထံမှ သိရသည်။ 

၈,၈၃၀ ဟက်တာ ( ၂၁, ၈၁၉ ဧက) ရှိ ပရောဂျက်ကို ရန်ကုန်မြစ် အနောက်ဘက်ခြမ်းရှိ ကျေးလက်မြေနေရာပေါ်တွင် ဖော်ဆောင်မည်ဖြစ်ပြီး နေအိမ်သစ်ပေါင်း ၁၆၃,၀၀၀ ခန့် ထည့်သွင်းဆောက်လုပ်ပြီး အလုပ်အကိုင်သစ်ပေါင်း ၁ သန်းနီးပါး ဖန်တီးပေးနိုင်ဖွယ် ရှိသည်။ 

ဇန်နဝါရီလက မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် လာရောက်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပရောဂျက်ကို အတည်ပြုထောက်ခံခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၃၃ ခုကို လက်မှတ်ထိုးခဲ့သည်။ ယင်းတို့အနက် ၁၃ ခုသည် အခြေခံအဆောက်အအုံပိုင်းနှင့် ပတ်သက်ဆက်နွယ်နေသည်။ 

ရည်မှန်းချက် ကြီးမားသော ပရောဂျက်က ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အစီအစဉ်အတွက်ရော၊ တရုတ်အစိုးရအတွက်ရောပါ အရေးပါ ထင်ရှားနေသည်မှာ အငြင်းပွားနိုင်စရာ မရှိဟု Verisk Maplecroft မှ အာရှဒေသ risk ပိုင်းဆိုင်ရာ အကြီးတန်း အကဲဖြတ်ပညာရှင် Kaho Yu က ပြောသည်။ 

“မြန်မာဟာ ခါးပတ်နဲ့ လမ်း အစီအစဉ်အပေါ် ပိုပြီးဆန္ဒရှိပါတယ်၊ ပြီးတော့ ရှီရဲ့ ခရီးစဉ်ကလည်း အားကောင်းတဲ့ နိုင်ငံရေး အချက်ပြမှုတစ်ခုပါ” ဟု Yu က ပြောသည်။ “ ဒါပေမယ့် ကိုဗစ်-၁၉ ကြောင့် မြန်မာဟာ သူ့ရဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒတွေကို ပြောင်းလဲထားခဲ့ပါတယ်၊ သူတို့ရဲ့ ကိုဗစ် ပြဿနာတွေကို ခုသာခံသာဖြစ်စေဖို့ ငွေကြေးပိုက်ဆံတွေ ဆွဲဆောင်နေရုံသက်သက်တော့ သူတို့ကို ရှုမြင်လို့ မရနိုင်ပါဘူး၊ ပြီးတော့ သူတို့အတွက် ဒီပရော့ဂျက်က စီးပွားရေးအရ အလားအလာကောင်းတစ်ခု ရှိစေရေး သေချာစေဖို့လည်း လိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။ 

CCCC ၏ အမေရိကန် နာမည်ပျက်စာရင်းသွင်းခံရမှုက ပြဿနာတစ်ခုဖြစ်လာရန် သက်သေပြနိုင်ခဲ့မည်ဆိုပါက Swiss Challenge က အစိုးရကို “အားနည်းသည့် ပါဝင်သူ” တစ်ဦးကို ဖယ်ရှားနိုင်မည့် အခွင့်အရေးတစ်ခုလည်း ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဒါက မြန်မာကို စားပွဲခုံပေါ် အားလုံးကို ပြန်ခေါ်နိုင်စေအောင် အရှိန်အားတစ်ခု ပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

တောင်တရုတ်ပင်လယ်တွင် ကွန်မြူနစ်ပါတီက စခန်းနေရာများကို စစ်ပုံစံသွင်းခြင်းကို ကူညီပေးမှုအတွက် အမေရိကန် ကုန်သွယ်ရေးဌာနက ပြီးခဲ့သည့် နှစ်ပတ်အကြာတွင် ထပ်တိုး တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ၂၄ ခုကို ယင်း၏ entity list ထဲ ထည့်သွင်းခဲ့သည်။ 

တယ်လီကွန်မြူနစ်ကေးရှင်းကုမ္ပဏီ Huawei ကဲ့သို့ တရုတ်လုပ်ငန်းပေါင်း ၃၀၀ ခန့်ကို ထည့်သွင်းထားသည့် ယင်း list အရ အမေရိကန်ကုမ္ပဏီများကို အထူးလိုင်စင်မရဘဲ အဆိုပါ စာရင်းပါ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ကိုင်ခြင်း သို့မဟုတ် ယင်းကုမ္ပဏီများကို ထုတ်ကုန်များ တင်ပို့ခြင်းတို့အပေါ် တားမြစ်ထားသည်။ 

အမေရိကန်၏ လုပ်ဆောင်ချက်က အမည်ပျက်စာရင်းသွင်းခံထားရသည့် တရုတ်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းမပြုရန် မြန်မာကဲ့သို့ နိုင်ငံများကို သတိပေးရန် ပျော့ပြောင်းသည့် တွန်းအားပေးမှုတစ်ခု ဖြစ်ခဲ့သော်လည်း ယင်းက ရန်ကုန်ပရော့ဂျက်ရှိ CCCC ကို သွယ်ဝှိုက် ထိခိုက်စေနိုင်ကြောင်း နိုင်ငံတကာ ကုန်သွယ်ရေး ရှေ့နေ Julien Chaisse က ပြောသည်။ 

CCCC ၏ ကမ်းလှမ်းချက်အပေါ် မြန်မာအနေဖြင့် မည်မျှခက်ခက်ခဲခဲဖြင့် သဘောမတွေ့သည့်ပုံစံဖြင့် တုံ့ပြန်နိုင်မည်လဲ ဆိုသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်နေကြောင်း နိုင်ငံတကာရေးဆိုင်ရာ စင်ကာပူ အင်စတီကျူ့၏ Simon Tay က ပြောသည်။ 

“မြန်မာကလည်း ရင်းနှီးမြုှပ်နှံမှု လိုတယ်၊ ရန်ကုန်မြို့သစ် ပရောဂျက်ကလည်း အရမ်းကို ရည်မှန်းချက်ကြီးတဲ့ ပရောဂျက်တစ်ခုဖြစ်တယ်၊ အဲဒါက အရမ်းကြီးတယ်၊ အဲဒါက အမျိုးသား အစီအစဉ်တစ်ခု မဟုတ်ဘူး၊ အဲဒါက အခြေခံအားဖြင့် ရန်ကုန်က မောင်းနှင်တာဖြစ်တယ်၊ ဒီတော့ သူတို့အနေနဲ့ ရင်းနှီးမြုှပ်နှံဖို့ ငွေကြေးအင်အား တတ်နိုင်ပြီး လက်တွေ့ကျကျ စဉ်းစားတွေးခေါ် လုပ်ရဲကိုင်ရတဲ့ တစ်ယောက်ယောက်ကို ရှာရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

“အာရှဒေသ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို ပြည့်မီအောင် အနောက်အုပ်စုက ဖြည့်ဆည်းပေးထားခြင်း မရှိဘူး၊ သူတို့ဟာ အာရှဒေသမှာ ကျွန်တော်တို့ ကြုံနေရတဲ့ ဟာကွက်တွေကို နားမလည်ပါဘူး” 

ရိုဟင်ဂျာ အခြေအနေကိစ္စ နောက်ပိုင်း မြန်မာနိုင်ငံရှိ ပရော့ဂျက်များကို ရယူလုပ်ကိုင်လိုသည့် အာရှနိုင်ငံသုံးနိုင်ငံမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“တရုတ်ဟာ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိတယ်၊ သူတို့ဟာ နယ်စပ်တွေမှာလည်း စွမ်းအားတွေ ရှိတယ်၊ မြန်မာအတွက် အမေရိကန်က အရေးပါတယ် ဆိုပေမယ့် တရုတ်က ပိုပြီးအလွန်အရေးပါပါတယ်” ဟု Tay က ပြောသည်။ 

ဖွံ့ဖြိုးရေး ပရော့ဂျက်ကို ပိုမို အရွယ်အစားသေး အစိတ်အပိုင်းများအဖြစ် အပိုင်းလိုက်ဖော်ဆောင်ခြင်းကလည်း “မည်သူမဆို တန်းတူမျှတသည့် ဆက်ဆံမှု ရရှိမည်ဖြစ်ပြီး CCCC အနေဖြင့် ပရော့ဂျက်တစ်ခုလုံးကို ပကတိအတိုင်း ဆက်ထိန်းထားလိုပါက ပိုမို ခက်ခက်ခဲခဲ ကြိုးကြိုးစားစား လုပ်ဆောင်သွားရလိမ့်မည့် အဓိပ္ပါယ်သက်ရောက်လိမ့်မည်ဟု ရန်ကုန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု အတိုင်ပင်ခံလုပ်ငန်း Consult-Myanmar မှ Andrew Tan က ပြောသည်။ 

နှစ်နိုင်ငံစလုံးက လုပ်ဆောင်ထားသည့် နိုင်ငံရေးကတိကဝတ်များအရလည်း ယင်းက သဘောတူညီချက်ကနေ CCCC ကို ဖြုတ်ထုတ်ရန် အမေရိကန် အမည်ပျက်စာရင်းသွင်းခြင်း ဆိုသည်ထက် ပိုမို သဘောပေါက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ယင်းက တောင်တရုတ်ပင်လယ် ပရော့ဂျက်များကိုသာ စိုးရိမ်ပူပန်နေခဲ့ကြောင်း Steptoe & Johnson ၏ ရှေ့နေတစ်ဦး ဖြစ်သလို စီးပွားရေး ဆန်ရှင်ချမှတ်မှုဆိုင်ရာ ပညာရှင် Nicholas Turner ကလည်း ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly