တရုတ်တိုက်လေယာဉ်များ ပိုင်နက်ထဲ ဝင်ရောက်လာဟု ထိုင်ဝမ် ပြော

တရုတ်တိုက်လေယာဉ်များ ပိုင်နက်ထဲ ဝင်ရောက်လာဟု ထိုင်ဝမ် ပြော

စက်တင်ဘာ ၁၀

တရုတ်တိုက်လေယာဉ်များ သည် ထိုင်ဝမ်၏ အနောက်တောင်ပိုင်း ဝေဟင်ပိုင်နက်ထဲ ဗုဒ္ဓဟူးနေ့က ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်သော တည်ငြိမ်မှု ပျက်ပြားစေသည့် လုပ်ရပ်အဖြစ် ယင်းဝန်ကြီးဌာနက ပြောဆိုသည်။ 

တရုတ်က ၎င်းပိုင်သည် ဟု ပြောဆိုထားသော ထိုင်ဝမ်ကျွန်းအနီး တရုတ်တို့၏ လေတပ်ပုံမှန် ကင်းလှည့်မှုများအပါအဝင် စစ်ရေးလှုပ်ရှားမှုများကို ထိုင်ဝမ်က အကြိမ်ကြိမ်ကန့်ကွက်ပြောဆိုထားသည်။ 

တရုတ်ဖက်ကမူ ယခုကဲ့သို့ စစ်ရေးဆောင်ရွက်မှုများသည် ၎င်း၏ အချုပ်အခြာပိုင်ဆိုင်မှုကို ကာကွယ်ရာ၌ ဖြေရှင်းနိုင်စွမ်းကို ပြသခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

တရုတ်နိုင်ငံသည် မကြာသေးသော သီတင်းပတ်များအတွင်း ထိုင်ဝမ်အနီးနှင့် ၎င်း၏ ကမ်းရိုးတန်းများတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ 

တရုတ် Su – 30 နှင့် J-10 တိုက်လေယာဉ်များသည် ထိုင်ဝမ်၏ ‘တုံ့ပြန်ရေးဇုန်’ ထဲသို့ အနောက်တောင်ပိုင်းတွင် ဝင်ရောက်လာခဲ့ပြီး စစ်လေယာဉ်များစွာလည်း လိုက်ပါခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

“ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်စီးစေသည့် တရုတ်ကွန်မြူနစ်၏ တစ်ဖက်သတ်လုပ်ရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနက လုံးလုံးရှုတ်ချကြောင်း။” ယင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

ထိုသို့ လုပ်ရပ်များကို ထိုင်ဝမ်စစ်တပ်က ချက်ချင်းမှန်မှန်ကန်ကန် တုံ့ပြန်နိုင်သည်ဟု ယင်း ဝန်ကြီးဌာနက ဆိုကာ ပြည်သူများအနေဖြင့် ထိတ်လန့်စရာ မလိုကြောင်း တိုက်တွန်းသည်။ 

တရုတ်လေယာဉ်များ ထွက်ခွာသွားရန် ထိုင်ဝမ်က ရေဒီယိုမှတစ်ဆင့် ၂၄ ကြိမ် သတိပေးခဲ့ရကြောင်း ထိုင်ဝမ်၏ Liberty Times သတင်းစာက ဖော်ပြသည်။ 

လက်ရှိ၌ ထိုင်ဝမ်သည် အရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းကမ်းရိုးတန်းများတွင် ကျည်စစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိသည်။ 

တရုတ်ဖက်က ချက်ချင်းထင်မြင်ချက်ပေး တုံ့ပြန်ခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly