နိမိတ်မကောင်းတဲ့ လိမ္မော်ရောင် ကောင်းကင်ကြီးက ဆန်ဖရန်စစ္စကိုမြို့ကို ချောက်ချားစေခဲ့

By AFP
10 September 2020
နိမိတ်မကောင်းတဲ့ လိမ္မော်ရောင် ကောင်းကင်ကြီးက ဆန်ဖရန်စစ္စကိုမြို့ကို ချောက်ချားစေခဲ့
Photo - AFP

စက်တင်ဘာ ၁၀  

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ အပူချိန်မြင့်မားမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကနေ လောင်ကျွမ်းခဲ့တဲ့တောမီးတွေကြောင့် မီးခိုးမြူတွေဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၉ ရက် မနက်ပိုင်းက ဆန်ဖရန်စစ္စကိုမြို့မှာ လိမ္မော်ရောင် ကောင်းကင်ကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။  

ဆန်ဖရန်စစ္စကိုနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တချို့နေရာကလူတွေဟာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ကောင်းကင်တစ်ခုလုံး လိမ္မော်ရင့်ရောင်သန်းနေတာကို တွေ့မြင်ခဲ့ကြရပြီး မနှစ်မြို့စရာအဖြစ်အပျက်တွေနဲ့ ပြည့်နေတဲ့ ဒီနှစ်အတွင်းမှာ အတိတ်နိမိတ် မကောင်းတဲ့ လက္ခဏာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။  

တချို့ဒေသတွေမှာ မီးခိုးမြူတွေထူထဲပြီး နေအလင်းရောင်ပိတ်သွားတဲ့အတွက် ကောင်းကင်ကို မဲမှောင်စေတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြကြပါတယ်။ 

ချောက်ချားစရာ စိတ်ကူးယာဉ်သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲက မြင်ကွင်းနဲ့တူတဲ့ ဆန်ဖရန်စစ္စကိုရဲ့ လိမ္မော်ရောင်ကောင်းကင်ပုံတွေဟာ လူမှုမီဒီယာမှာ လျင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့ပါတယ်။  

ကမ္ဘာပျက်မယ့်နိမိတ်လားဆိုပြီး ဝေဖန်ပြောဆိုတဲ့သူတွေလည်း ရှိပါတယ်။  

ကယ်လီဖိုးနီးယားမှာ တောမီးလောင်မှုတွေကြောင့် အနည်းဆုံး လူ ရှစ်ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာပိတ်မိနေတာကို ကယ်ဆယ်ရေးသများတွေက ကယ်ဆယ်ခဲ့ကြရပါတယ်။  

ကယ်လီဖိုးနီးယားအလယ်ပိုင်း ဖရတ်စ်နိုမြို့အနီးက Creek Fire တောမီးဟာ ပြည်နယ်တစ်လွှားလောင်ကျွမ်းခဲ့တဲ့ တောမီး ၂၅ ခုအနက် တစ်ခုဖြစ်ပါတယ်။ 

တောမီးကြောင့် မြေဧကပေါင်း ၁၄၀ ၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ လူဦးရေ ၁၇၀ ၀၀၀ ထက်မနည်း လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly