နေမာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်ဟု ရော်နယ်ဒင်ဟိုထောက်ခံ

နေမာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်ဟု ရော်နယ်ဒင်ဟိုထောက်ခံ

နိုဝင်ဘာ ၁၂၊ ဘာစီလိုနာ ။             ။ ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာရန် အလားအလာရှိနေသူဖြစ်သည်ဟု ရော်နယ်ဒင်ဟိုက ထောက်ခံပြောဆို လိုက်သည်။

ဘာစီလိုနာအသင်းတွင်ကစားနေစဉ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုနှစ်ကြိမ်ရခဲ့သည့် ရော်နယ်ဒင်ဟိုက အသက် ၂၃ နှစ်အရွယ် ကစားသမားနေမာလည်း ရရှိနိုင်သည့်အကြောင်းကို အသင်းပိုင်ဝက်ဘ်ဆိုက်သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"နေမာက တိုးတက်နေပါတယ်။ လက်ရှိအချိန်မှာလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဘရာဇီးဘောလုံးသမားလည်းဖြစ်နေတယ်။ ကျွန်တော်တို့ လုပ်နိုင်ခဲ့တာတွေကို သူ့ဆီမှာဆက်မြင်နေရတာ သိပ်ဝမ်းသာဖို့ကောင်းတယ်။

သူကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်ဦးမယ်လို့ လည်း ကျွန်တော်ထင်တယ်။ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့လည်း သူအစစအဆင်ပြေစေဖို့ မျှော်လင့်ပါတယ်"ဟု  ရော်နယ်ဒင်ဟိုက   ပြောသည်။

နေမာသည် လက်ရှိရာသီတွင် ဘာစီလိုနာအသင်း၌ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၄ ပွဲကစား ၁၃ ဂိုးထိသွင်းယူထားသည်။အေစီမီလန်၊ ဖလာမင်ဂို၊ ကွာရက်တာရို၊ အက်သလက်တီကိုမင်နဲရိုး၊ ဖလူမီနီးစ်စသည့် ဘရာဇီးကလပ်အသင်းများတွင် ကစားသမားဘဝနေဝင်ချိန်ကို ဖြတ်သန်းခဲ့သော ရော်နယ်ဒင်ဟိုသည် ကလပ်အသင်းမဲ့နေပြီး အနားယူရမည့်ကာလနီးစပ်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly