အင်ဒိုနီးရှားကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းရိုဟင်ဂျာများ(မူရင်း) ပင်လယ်ပြင်၌ ၇ လ ကြာဖြတ်သန်းခဲ့

By AFP
10 September 2020
အင်ဒိုနီးရှားကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းရိုဟင်ဂျာများ(မူရင်း) ပင်လယ်ပြင်၌ ၇ လ ကြာဖြတ်သန်းခဲ့
Photo - AFP

စက်တင်ဘာ ၁၀ 

စက်တင်ဘာ ၇ ရက်က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က လို့ခ်ဆူမာဝေမြို့ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ နီးပါးဟာ ပင်လယ်ပြင်ကို ခုနစ်လကြာဖြတ်သန်းခဲ့ရတာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြောပါတယ်။ 

စူမာတြားကျွန်းမြောက်ဘက်ကမ်းရိုးတန်းက လို့ခ်ဆူမာဝေမြို့အနီးက ကမ်းခြေကို အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၁၈၁ ဦးနဲ့ ကလေးငယ် ၁၄ ယောက်ပါဝင်တဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ လှေတစ်စီးနဲ့ရောက်လာတာကို ဒေသခံတွေက တွေ့မြင်ပြီး ကူညီကယ်ဆယ်ခဲ့ကြတာဖြစ်ပါတယ်။  

လမ်းခရီးမှာ လူ ၃၀ လောက်သေဆုံးခဲ့ပြီး သူတို့ဟာ ဖေဖော်ဝါရီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားကနေ့ အုပ်စုလိုက်ထွက်ခွါခဲ့ကြတာဖြစ်တယ်လို့ UNHCR က ပြောပါတယ်။  

အင်ဒိုနီးရှားက ကယ်ဆယ်ရေးစခန်းမှာလည်း ရွှေ့ပြောင်းဝင်ရောက်လာသူထဲက အမျိုးသမီးတစ်ဦး ဖျားနာပြီး သေဆုံးခဲ့ပါတယ်။ 

ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ မာမွတ်ရှာကီရ် က ခရီးအတွေ့အကြုံတွေကို ခုလိုပြောပြပါတယ်။ 

“ပွဲစားက ပိုက်ဆံတွေယူသွားပြီး ကျွန်တော်တို့ကို ခုနစ်လလောက် ထိန်းသိမ်းထားတာပါ။ နောက် သူက လှေတစ်စီးဝယ်ပြီး ကျွန်တော်တို့ ခရီး စထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲစားက ကျွန်တော့်တို့ကို ပစ်ထားခဲ့ပါတယ်။ လပေါင်းများစွာ ပင်လယ်ပြင်မှာ မျောနေပြီး ဒီကို ရောက်လာကြတာပါ။ ကျွန်တော်က နွမ်းပါးပါတယ်။ မိဘမဲ့တစ်ယောက်ပါ။ မလေးရှားမှာတော့ ညီမတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် သူ့ဆီလည်း သွားမလည်နိုင်ပါဘူး။ အလ္လာရှင်မြတ် ဆန္ဒရှိရင်တော့ အင်ဒိုနီးရှားအစိုးရက ကျွန်တော့်ကို စောင့်ရှောက်ပါလိမ့်မယ်”  

လို့ခ်ဆူမာဝေအစိုးရ ပြောရေးဆိုခွင့်ရှိသူ မာဇူကီက သေဆုံးသွားတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦးနဲ့ပတ်သက်ပြီး “ သေဆုံးသွားတဲ့သူက ဖျားနာနေတဲ့တစ်ယောက်ပါ။ ရုတ်တရက်မူးလဲပြီးတော့ သေဆုံးသွားတာပါ” လို့ ဆိုပါတယ်။  

လူကုန်ကူးသူတွေက ရွှေ့ပြောင်းမိသားစုတွေတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်ပြီး ဓားစာခံအဖြစ် ထိန်းသိမ်းထားတာဖြစ်တဲ့အကြောင်း  ရိုဟင်ဂျာအရေးလုပ်ဆောင်တဲ့ NGO အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်စီမံကိန်းအဖွဲ့ ရဲ့ ခေါင်း ဆောင် ခရစ်လဲဝါးက ပြောပါတယ်။  

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရွှေ့ပြောင်းဝင်ရောက်လာသူတွေအတွက်  ဘေးကင်းတဲ့နေရာစီစဉ်ပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly