Mulan ရုပ်ရှင်အပေါ် ဆန့်ကျင်သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ တိုးလာနေ

By AFP
10 September 2020
Mulan ရုပ်ရှင်အပေါ် ဆန့်ကျင်သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ တိုးလာနေ
Photo - AFP

စက်တင်ဘာ ၁၀ 

Disney ရဲ့ “Mulan” ရုပ်ရှင်ဇာတ်ကားရဲ့ ပြကွက်တစ်ချို့ဟာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိထားခဲ့တယ် ဆိုတဲ့ တရုတ်နိုင်ငံ ရှင်းကျန်းဒေသမှာ ရိုက်ကူးထားခဲ့တာ ဖြစ်တယ်ဆိုပြီး ပေါ်ပေါက်လာခဲ့တဲ့နောက် ယခုအခါမှာ အဆိုပါ ရုပ်ရှင်ဇာတ်ကားအပေါ် သပိတ်မှောက်ဖို့ တောင်းဆိုလှုံ့ဆော်မှုတွေ တိုးပွားလာနေပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်တွေမှာလည်း ဟောင်ကောင်၊ ထိုင်းနဲ့ တိုင်ပေ တို့မှာလည်း #BoycottMulan hashtag က ရေပန်းစားနေခဲ့ပါတယ်။ 

ကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၂၀၀ အထိ ရှိခဲ့တဲ့ အဆိုပါ Mulan ရုပ်ရှင်ကတော့ အထင်ကရ အမျိုးသမီး တရုတ်စစ်သည်တစ်ဦးအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ယင်းရုပ်ရှင်ရဲ့ အဓိက သရုပ် ဆောင် မင်းသမီး လျိုယီဖေးကလည်း ယမန်နှစ် ဟောင်ကောင်မှာ ဒီမိုကရေစီ ဆန္ဒပြပွဲတွေအပေါ် နှိမ်နင်းခဲ့ချိန်အတွင်း ဟောင်ကောင်ရဲတွေအပေါ် ထောက်ခံတယ်ဆိုပြီး ထုတ်ပြောခဲ့တဲ့နောက် ဒီ ရုပ်ရှင်ဟာ နိုင်ငံရေး အငြင်း ပွားမှုထဲမှာ ငြိတွယ်ပတ်သက်နေခဲ့ရပါတယ်။ 

ဒါပေမယ့် ဒီ ရုပ်ရှင်ကားကို ပြီးခဲ့တဲ့အပတ်မှာ Disney+channel မှာ စတင်ပြသခဲ့ပြီးနောက်ပိုင်း နောက်ထပ် အုတ်အုတ်ကျက်ကျက် အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ 

ထိန်းသိမ်းရေးစခန်း အများအပြား ရှိနေတယ်ဆိုတဲ့ ရှင်းကျန်းဒေသအရှေ့ပိုင်း တာပန်မြို့ အများပြည်သူ လုံခြုံရေး ဗျူရိုအပါအဝင် ရှင်းကျန်းဒေသက အစိုးရအဖွဲ့အစည်းဌာန ရှစ်ခုကို “အထူး ကျေးဇူးတင်ရှိကြောင်း” Disney က ဖော်ပြထားတာကို ရုပ်ရှင်ကြည့်ရှုသူတွေ တွေ့မြင်ခဲ့ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ကျေးဇူးတင်ကြောင်း ဖော်ပြထားတဲ့ အဖွဲ့အစည်းတစ်ခုကလည်း ရှင်းကျန်းဒေသက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့် ဌာန ဖြစ်နေခဲ့ပြန်ပါတယ်။ 

နဂိုကတည်းကမှ အာဏာရှင်ဆန်တဲ့ တရုတ်အပေါ် ဟောလိဝုဒ်ဘက်က ဦးညွတ်လိုတဲ့ သဘောဆန္ဒတွေအပေါ် တင်းတင်းကျပ်ကျပ် စစ်ဆေးကြည့်ရှုနေတဲ့ အချိန်ကာလတစ်ခုမှာ ဒီလို ဖော်ထုတ်တွေ့ရှိချက်က အမျက်ဒေါသတွေကို ထပ်မံဖြစ်ပေါ်စေခဲ့ပါတယ်။ 

လူအမြောက်အမြားကို ထိန်းသိမ်းထားတာ၊ အတင်းအကျပ် သားကြောဖြတ်တာ၊ အတင်းအကျပ် အလုပ်ခိုင်းစေတာ၊ တင်းကျပ်တဲ့ ဘာသာရေးနဲ့ ရွှေ့ပြောင်းလှုပ်ရှားမှု ဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေတာ တွေအပါအဝင် ရှင်းကျန်းဒေသမှာ ဝီဂါနဲ့ အခြား လူနည်းစု မွတ်ဆလင်တွေအပေါ် တင်းမာတဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဂျာနယ်လစ်တွေက ဖော်ထုတ်ထားခဲ့ကြပါတယ်။ 

ဒီ “Mulan” ရုပ်ရှင်ကတော့ ၁၉၄၆ ခုနှစ် “Song of the South” ရုပ်ရှင်ဇာတ်ကားနောက်ပိုင်း Disney ရဲ့ ပြဿနာအတက်ဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်နေတယ်ဆိုတာဟာ အငြင်းပွားဖွယ်ရာ မရှိဘူးလို့ Asia Society က senior fellow တစ်ဦးဖြစ်တဲ့ အိုင်ဆက် စတုန်းဖစ်ရှ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly