အမေရိကားတွင် ကျင်းပသည့် NLD ပညာရေး၊ ကျန်းမာရေး၊ ရေဘေးရန်ပုံငွေဂီတပွဲမှ အလှူငွေများ ဒေါ်အောင်ဆန်းစုကြည်ထံ လှူဒါန်း

အမေရိကားတွင် ကျင်းပသည့် NLD ပညာရေး၊ ကျန်းမာရေး၊ ရေဘေးရန်ပုံငွေဂီတပွဲမှ အလှူငွေများ ဒေါ်အောင်ဆန်းစုကြည်ထံ လှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။           ။ အမေရိကန်နိုင်ငံ၌ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး၊ ကျန်းမာရေး နှင့်ရေဘေး ရန်ပုံငွေ ဂီတပွဲတော်များမှ ရရှိခဲ့သည့် အလှူငွေ အမေရိကန် ဒေါ်လာ ၂၃၀,၀၈၅ ကို နိုဝင်ဘာ ၁၂ရက် တွင် အနုပညာရှင်များ နှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံသည့်ပွဲ၌ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ လှူဒါန်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး၊ ကျန်းမာရေး နှင့် ရေဘေး ရန်ပုံငွေ ဂီတပွဲတော်ကို အမေရိကန်နိုင်ငံ၏ မြို့ကြီး ၈မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုတော်များ အဖြစ် ထွန်းအိန္ဒြာဗိုလ် ၊ဆောင်းဦးလှိုင် ၊ R ဇာနည်၊ ဆောင်းဦးလှိုင်၊ ဥက္ကာဦးသာ၊ နှင့် နီနီခင်ဇော် တို့ ပါဝင် ခဲ့ကြသည်။

ထို ဂီတပွဲတေ်ာများမှ ရရှိသည့် ရန်ပုံငွေကို အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ၂၃၀,၀၈၅ ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ NLD ပညာရေး ကွန်ယက်နှင့် ကျန်းမာရေး ကွန်ယက်များသို့ အချိုးကျ ခွဲဝေရန် နိုဝင်ဘာ ၁၂ရက်တွင် အနုပညာရှင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် ပွဲတွင် ဂီတပွဲတော်၌ ပါဝင် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များမှ လှူဒါန်းခဲ့သည်။

ထို့အပြင် တေးရေး၊ တေးဆို ဆောင်းဦးလှိုင်မှ ၎င်းရေးသား ဖန်တီးခဲ့သည့် "မျှော်လင့်ချက်တစ်စုံတစ်ရာ" သီချင်းကို အနာဂါတ် အလင်းတန်းများ Foundation မှ လူမှုရေး ကူညီဆောင်ရွက်မှု ပုံရိပ်များ အတွက် ဗီဒီယို နောက်ခံသီချင်း အသုံးပြုရန် ကမ်းလှမ်းမှုမှ ရရှိခဲ့သည့် အနုပညာ ခံစားခွင့် အမေရိကန် ဒေါ်လာ ၂သောင်းထဲမှ  ဒေါ်လာ တစ်သောင်းလေးထောင်ကို ဒေါ်အောင်ဆန်းစုကြည် ထံသို့ အဆိုတော် ဆောင်းဦးလှိုင် ကိုယ်စား အဆိုတော် နီနီခင်ဇော်မှ လှူဒါန်း ပေးခဲ့သည်။

အဆိုတော် နီနီခင်ဇော် မှ "ကိုဆောင်းဦးလှိုင် အမေ့ကို လှူဒါန်းခဲ့တဲ့ ဒေါ်လာ ၁၄၀၀၀ ကို ပေးအပ်ပြီး ကိုဆောင်းဦး ကိုယ်စား အမေ့ဘေးမှာ ကျေးဇူးတင်စကား ပြောခွင့် ရခဲ့ပါတယ်။ USA ခရီးမှ ရရှိ လှူဒါန်းငွေ US ဒေါ်လာ ၂၃၀၀၈၅ ကို ပေးအပ်ပါတယ်။ ကျမ ရင်လည်း အရမ်းခုန်သလို ပီတိလည်း ဖြစ်ပါတယ် မျှော်လင့်ချက်တစ်စုံတစ်ရာ သီချင်းအတွက် ကြိုးပမ်း ရေးစပ် ရိုက်ကူးသော အနုပညာ အကိုများကို ကျေးဇူးတင်ရင်း မေမေ ကျန်းမာပါစေ စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးခွင့်ရခဲ့ပါတယ်" ဟု ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြေထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ကူညီပေးခဲ့ကြသည့် အနုပညာရှင်များအား နိုဝင်ဘာ ၁၂ရက် နံနက် ၁၀နာရီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှ ၎င်း၏ နေအိမ်သို့ ဖိတ်ကြားပြီး ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly