တရုတ်နှင့် အမေရိကန် လွန်ဆွဲပွဲနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများ တရုတ်ကို တုံ့ပြန်ရေးတွင် သဘောကွဲ

တရုတ်နှင့် အမေရိကန် လွန်ဆွဲပွဲနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများ တရုတ်ကို တုံ့ပြန်ရေးတွင် သဘောကွဲ

စက်တင်ဘာ ၉

အမေရိကန်နှင့် တရုတ် တင်းမာနေသည့် လွန်ဆွဲပွဲနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများသည် လေးရက်ကြာ အစည်းအဝေးပွဲများ စတင်ရန် အသင့်ဖြစ်နေချိန် တောင်တရုတ်ပင်လယ်၌ တရုတ်၏ ရေပြင်အပိုင်ပြုမှုအရေးကို မည်သို့ တုံ့ပြန်မည်နှင့် ပတ်သက်ကာ သဘောထားများ ကွဲလွဲနေဆဲ ဖြစ်သည်။

ဗီယက်နမ်က အိမ်ရှင်အဖြစ် ကျင်းပမည့် အဆိုပါ အစည်းအဝေးများကို ဗုဒ္ဓဟူးနေ့မှ စတင်ကာ အွန်လိုင်းမှ ပြုလုပ်သွားမည် ဖြစ်သည်။ နောက်ဆုံးရက် စနေနေ့တွင် အာရှ-ပစိဖိတ် လုံခြုံရေးကို ဆွေးနွေးကြမည့် အာဆီယံ ဒေသရေးရာ ဖိုရမ်၌ ဂျပန်နှင့် မြောက်ကိုရီးယား အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းများ ၂၇ ခုမှ ကိုယ်စားလှယ်များ အတူစည်းဝေးကြမည် ဖြစ်သည်။ အဆိုပါ အစည်းအဝေးမှာ ယခင်က ဇူလိုင်နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

အမေရိကန်အနေဖြင့် ထို အစည်းအဝေးကို မကြာသေးသော လများအတွင်း တင်းမာမှုများ မြင့်တက်ခဲ့သည့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ ထိန်းချုပ်မှုများ ရပ်တန်ရေး ထောက်ခံမှုရရန်အတွက် စည်းရုံးလှုံ့ဆော်ရန် အခွင့်အရေးအဖြစ် အသုံးချသွားရန် စိုင်းပြင်းထားသည်။ ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင် ပါဝင်မည်ဖြစ်ကြောင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာထားသည်။

တရုတ်ဖက်တွင်လည်း နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက တက်ရောက်ရန် ရှိသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်များကို အခြေခံအဆောက်အအုံရန်ပုံငွေ မတည်ခြင်းနှင့် စမ်းသပ်ဆဲ ကာကွယ်ဆေးတို့ကို အသုံးချ ကာ တောင်တရုတ်ပင်လယ်၌ ၎င်း၏ လက်ကိုင်ပြုထားမှုကို ခိုင်မာတောင့်တင်းအောင် ကြိုးစားသွားမည် ဖြစ်သည်။

အမေရိကန်၏ ချည်းကပ်မှုက တသမတ်တည်း မရှိဘူးဟု အာဆီယံအဖွဲ့ဝင်များက တုံ့ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မလေးရှားနိုင်ငံသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်ထံသို့ တောင်တရုတ်ပင်လယ်၌ တရုတ်၏ ရေပြင်အပိုင်ပြုမှုသည် နိုင်ငံတကာဥပဒေအောက်တွင် အခြေမခံကြောင်း စာရေးသား ပေးပို့ခဲ့သည်။ ယင်းကို တုံ့ပြန်ပြီး တရုတ် ထိပ်တန်းသံတမန်တစ်ဦးဖြစ်သည့် ပေါလစ်ဗျူရိုအဖွဲ့ဝင် ယန်ကျိချီက မလေးရှားခရီးစဉ်ကို ပယ်ဖျက်ခဲ့သည်။

တရုတ်ကို အယုံအကြည်မရှိသော ဗီယက်နမ်က စနေနေ့တွင် ထုတ်ပြန်မည်ဖြစ်သော အာဆီယံ ဒေသရေးရာဖိုရမ်၏ ထုတ်ပြန်ချက်တွင် တရုတ်၏ အင်အားသုံးခြင်းကို ဝေဖန်ထုတ်ပြန်နိုင်ရေး ကြိုးစားလာဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly