787 Dreamliner လေယာဉ် ပေးပို့မှု နှောင့်နှေးစေမည့် ပြဿနာသစ်တစ်ခု ရှိနေဟု Boeing ပြော 

787 Dreamliner လေယာဉ် ပေးပို့မှု နှောင့်နှေးစေမည့် ပြဿနာသစ်တစ်ခု ရှိနေဟု Boeing ပြော 

စက်တင်ဘာ ၉ 

ကုမ္ပဏီ၏ 787 Dreamliner လေယာဉ် ပေးပို့မှုအပေါ် ထိခိုက်သက်ရောက်စေမည့် ထုတ်လုပ်ရေးဆိုင်ရာ ပြဿနာသစ်တစ်ခု တွေ့ရှိထားကြောင်း အမေရိကန် လေယာဉ်ထုတ်ကုမ္ပဏီကြီး Boeing က စက်တင်ဘာ ၈ ရက်တွင် ပြောကြားလိုက်ရာ ယင်းက အဆိုပါလေယာဉ်ထုတ်လုပ်ငန်းကြီးအတွက် နောက်ထပ်တွေ့ကြုံလိုက်ရသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။ 

“ထုတ်လုပ်ပြီးစီးထားတဲ့ 787 လေယာဉ်ကြီးတွေကို မှာယူထားသူတွေထံ မပေးပို့ခင်မှာ ပြဿနာတွေ ကင်းရှင်းနေစေဖို့နဲ့ အင်ဂျင်နီယာပိုင်းနဲ့ဆိုင်တဲ့ သတ်မှတ်ချက်အားလုံး ပြည့်မီစေဖို့အတွက် စစ်ဆေးမှုတွေ ကျွန်တော်တို့ အချိန်ယူ သေချာနှံ့နှံ့စပ်စပ် လုပ်နေပါတယ်” ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။ 

“ဒီ စစ်ဆေးမှုတွေက ရှေ့မကြာမီကာလအတောအတွင်း 787 လေယာဉ် ပေးပို့မှု သတ်မှတ်အချိန်အပေါ် ထိခိုက်စေမယ်လို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်” ဟု ၎င်းက ပြောသည်။ 

787 လေယာဉ်တချို့ရှိ လေယာဉ်ကိုယ်ထည်အပိုင်းတွင် ဂျွိုင်းဆက် ထုတ်လုပ်မှုတွင် ပြဿနာနှစ်ခု ရှိနေသည်ကို ကုမ္ပဏီဘက်က ဖော်ထုတ်သိရှိထားကြောင်း၊ ယင်းက ဒီဇိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် မကိုက်ညီစေသည့် အခြေအနေကို ဖြစ်စေခဲ့ကြောင်း တနင်္လာနေ့တွင် ကုမ္ပဏီက ကြေညာခဲ့ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ယခု ထုတ်ပြန်ချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ 

စက်တင်ဘာ ၈ ရက် ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် လေယာဉ် ထိန်းမတ်ပေးသည့် အစိတ်အပိုင်းတစ်ခုတွင် ပြဿနာတစ်ခု ရှိနေသည်ကို တွေ့ရှိကြောင်း ထုတ်ပြန်ပါရှိခဲ့သည်။ 

ထို့ပြင် 787 လေယာဉ် ရှစ်စင်းကို စီမံလည်ပတ်နေသော လေကြောင်းလိုင်းများကို ဆက်သွယ်ပြီး ယင်းလေယာဉ်များကို ပြန်လည်မပြေးဆွဲနိုင်ခင် ဖယ်ရှား၊ ပြင်ဆင်ရန် လိုအပ်သည့်အကြောင်းအရာများကို အသိပေးခဲ့ပြီးဖြစ်ကြောင်း Boeing က တနင်္လာနေ့တွင် ပြောသည်။ 

အလားတူ Wall Street ဂျာနယ်က မြင်တွေ့ခဲ့သည့် ဖက်ဒရယ် လေကြောင်း အဖွဲ့အစည်း (FAA) ၏ မှတ်တမ်းတစ်ခုအရလည်း စည်းမျဉ်းထိန်းသိမ်းသူအနေဖြင့် ဆယ်နှစ်အထိ ကြာကောင်းကြာနေခဲ့နိုင်သည့် အရည်အသွေးထိန်းချုပ်မှု ချို့ယွင်းချက်များကို ရှာဖွေကြည့်ရှုနေနိုင်ကြောင်းလည်း သိရသည်။ 

စုံစမ်းစစ်ဆေးမှုအရ လေယာဉ်အစင်းပေါင်း ရာနှင့်ချီကို တိုးမြှင့်စစ်ဆေးသွားရမည့်အခြေအနေအထိ ဦးတည်သွားစေနိုင်သည်ဟုလည်း ဂျာနယ်က ဖော်ပြခဲ့သည်။ 

လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတကာ လေကြောင်းခရီးသွားလုပ်ငန်း demand အားနည်းမှုက လေကြောင်းလိုင်းများ၏ လေယာဉ်မှာယူမှုအပေါ် သက်ရောက်စေခဲ့သဖြင့် ကုမ္ပဏီအနေဖြင့် အခက်ကြုံနေချိန် ယခုကဲ့သို့ 787 လေယာဉ်များ၏ ပြဿနာများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ 

အလားတူ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှုကြီးနှစ်ခု ဖြစ်ပေါ်ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လကတည်းက ပျံသန်းမှု ရပ်ဆိုင်းထားခဲ့ရသည့် 737 MAX လေယာဉ်များနှင့်ပတ်သက်၍လည်း Boeing အနေဖြင့် စောင့်ကြည့်စစ်ဆေးခံနေရဆဲဖြစ်သည်။ FAA ဘက်က MAX လေယာဉ် စမ်းသပ်ပျံသန်းမှုများကို ဇူလိုင်အစောပိုင်းက အပြီးသတ်ထားသော်ငြား ယင်းလေယာဉ်များကို ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ခြင်း မရှိသေးပေ။ 

Boeing အနေဖြင့် ဇွန်လ ၃၀ တွင် ကုန်ဆုံးခဲ့သည့် သုံးလပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း၊ ဝင်ငွေများလည်း ၂၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သလို လေယာဉ်အစင်းရေ ၂၀ မျှသာ ပေးပို့မှုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly