အင်ဒိုနီးရှားသည် ပြည်ပနိုင်ငံများအတွက် စစ်အခြေစိုက်စခန်းဖြစ်လာမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

By The Jakatarta Post
09 September 2020
အင်ဒိုနီးရှားသည် ပြည်ပနိုင်ငံများအတွက် စစ်အခြေစိုက်စခန်းဖြစ်လာမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးပြော

စက်တင်ဘာ ၉  

တရုတ်သည် အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းရေးတည်နေရာ တည်ဆောက်ရန် စီစဉ်နေသည်ဟူသော အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏အစီရင်ခံစာထွက်လာပြီးနောက်  အင်ဒိုနီးရှားနိုင်ငံ သည် တရုတ်အပါအဝင် မည်သည့်ပြည်ပနိုင်ငံအတွက်ပင်ဖြစ်စေ စစ်အခြေစိုက်စခန်းဖြစ်လာလိမ့်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno LP Marsudi က ပြောကြားလိုက်သည်။

 “အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အင်ဒိုနီးရှားပိုင်နက်ကို ဘယ်တိုင်းပြည်ကမှ စစ်တပ်အခြေစိုက်စခန်းအဖြစ် အသုံးမပြုနိုင်ပါဘူး” ဟု Retno က သောကြာနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထပ်တလဲလဲ ပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ‘၂၀၂၀ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပတ်သက်သော  စစ်ဘက်နှင့်လုံခြုံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ’ ဟု ခေါင်းစဉ်ပေးထားသော  နှစ်ပတ်လည်အစီရင် ခံစာကို ထုတ်ပြန်ခဲ့သည်။  တရုတ်နှင့်ပတ်သက်သော စစ်ဘက်နှင့်လုံခြုံရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခိုင်လုံသောအကဲဖြတ်ချက်အဖြစ် အဆိုပါအစီရင်ခံစာကို ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။   

အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ အမျိုးသားရေးမဟာဗျူဟာ ကောက်ကြောင်းများ၊  လုံခြုံရေးနှင့်စစ်ရေးဆိုင်ရာ ချဉ်းကပ်မှုနှင့် လာမည့်နှစ် ၂၀ ကျော်တွင် တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ၏ အလားအလာရှိသော အပြောင်းအလဲများကို စိစစ်လေ့လာထားခြင်းဖြစ်သည်။  

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ဂျီဘူတီရှိ လက်ရှိအခြေစိုက်စခန်းအပြင် ရေတပ်၊ လေတပ်နှင့်မြေပြင်တပ်ဖွဲ့များအတွက်ထောက်ပံ့ရန်အလို့ငှာ ပြည်ပ၌ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းရေး အခြေစိုက်စခန်းများ ထပ်မံဆောက်လုပ်ရန် စဉ်းစား စီစဉ်ထားဖွယ်ရှိကြောင်း အစီရင်က ဆိုထားသည်။  

မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကင်ညာ၊ တန်ဇန်းနီးယား၊ အန်ဂိုလာနှင့် ဆေးရှဲလ်နိုင်ငံများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စက်ဘက် ဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းရေးတည်နေရာများအဖြစ် စဉ်းစားနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်သည် ။

အစီရင်ခံစာအရ တရုတ်သည် PLA  အနေဖြင့် ပိုမိုဝေးကွာသောနေရာများတွင် တပ်အင်အားတိုးချဲ့ရန်နှင့် စစ်အာဏာ ရေရှည်တည်တံ့ခိုင်မြဲစေရန် ပိုမိုခိုင်မာသော ပင်လယ်ရပ်ခြား ထောက်ပံ့ဖြည့်ဆည်းရေးအခြေခံ အဆောက် အအုံများကို တည်ဆောက်ရန်ကြိုးပမ်းနေသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly