မစ်ဇိုရီတက္ကသိုလ်တွင် လူမည်းကျောင်းသားများကို ခွဲခြားမှု အမေရိကန်တစ်ဝန်းလုံးရှိ ကျောင်းသားများ ဆန္ဒပြ

မစ်ဇိုရီတက္ကသိုလ်တွင် လူမည်းကျောင်းသားများကို ခွဲခြားမှု အမေရိကန်တစ်ဝန်းလုံးရှိ ကျောင်းသားများ ဆန္ဒပြ

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၂ ။          ။ မစ်ဇိုရီတက္ကသိုလ်တွင် လူမည်းကျောင်းသားများကို လူမျိုးရေးခွဲခြားမှုများ မြင့်တက်လာမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုများမှစတင်ကာ အမေရိကန်တစ်ဝန်းလုံးမှ တက္ကသိုလ်ကျောင်းသားများက ကောလိပ်ကျောင်းဝင်းများအတွင်း၌ ယခုရက်သတ္တပတ်တွင် ဆန့်ကျင်ဆန္ဒပြကြမည်ဖြစ်သည်။

ယေးတက္ကသိုလ်၊ အီသာကာ ကောလိပ်နှင့် စမစ်ကောလိပ်တို့တွင် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။

တက္ကသိုလ်ကျောင်းသား ၁၀၀၀ကျော်မှာ မစ်ဇိုရီတက္ကသိုလ်မှ လူမည်းကျောင်းသားများနှင့် တစည်းတလုံးတည်းရှိကြောင်း ပြသည့်အနေဖြင့် ‘ကြံ့ကြံ့ခံချီတက်ပွဲ (March of Resilience)’ကို ဆင်နွှဲရန် အတွက် ယေးတက္ကသိုလ် အာဖရိက-အမေရိက ယဉ်ကျေးမှုစင်တာတွင် ငြိမ်းချမ်းစွာ စုရုံးခဲ့ကြသည်။

အီသာကာကောလိပ်တွင်လည်း လမ်းလျှောက်ပွဲကို စီစဉ်ထားရာ ‘ဒီကျောင်းဝင်းနဲ့ တခြားနိုင်ငံအနှံ့က ကောလိပ်တွေမှာ အသားအရောင်ရှိတဲ့ ကျောင်းသားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မမျှတမှုများ အတွက်’’ဟု People of Color ဟုခေါ်သည့် ကျောင်းသားအုပ်စုတစ်စုက ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေညာခဲ့သည်။

အီသာကာဥက္ကဌ တွမ် ရော့ဟွန်းနှင့် မစ်ဇိုရီတက္ကသိုလ် ဥက္ကဌဟောင်း တင်မိုသီ ဝုဖီတို့နှစ်ဦးမှာ ကျောင်းဝင်းအတွင်း လူမျိုးရေးခွဲခြားသည့် ဖြစ်ရပ်များကို လျစ်လျူရှုထားသည့်အတွက် အဝေဖန်ခံနေ ရသည်။

‘မစ်ဇိုရီတက္ကသိုလ်ဥက္ကဌ ရာထူးကဆင်းပေးသွားရသလိုပဲ ရော့ဟွန်းကိုလည်း ဆင်းပေးဖို့ ကျနော်တို့ တောင်းဆိုတယ်’’ဟု ကျောင်းသားအုပ်စုက ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly