ကိုဗစ်-၁၉ အကျပ်အတည်းမှာ ဘယ်နိုင်ငံမှ ကွက်ပြီး ဘေးကင်းလုံခြုံနိုင်မှာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင် ပြော

ကိုဗစ်-၁၉ အကျပ်အတည်းမှာ ဘယ်နိုင်ငံမှ ကွက်ပြီး ဘေးကင်းလုံခြုံနိုင်မှာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင် ပြော

စက်တင်ဘာ ၉

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကာလအတွင်းမှာ ဘယ်နိုင်ငံမှ တစ်နိုင်ငံတည်းကွက်ပြီး ဘေးအန္တရာယ်ကင်းနိုင်မှာ မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၈ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။

ယမန်နှစ်ကုန်ပိုင်းက နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ပေါ်ထွက်လာခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကပ်ရောဂါအပေါ်မှာ တရုတ်နိုင်ငံရဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း သမ္မတ ရှီကျင့်ဖျင်က ချီးကျူးသွားခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာ “ဟီးရိုး” လေးဦး ရွှေတံဆိပ်ဆုတွေ လက်ခံရရှိခဲ့တဲ့ အောင်ပွဲအခမ်းအနားတစ်ခုမှာ သမ္မတ ရှီက မိန့်ခွန်းပြောကြားခဲ့ရာမှာတော့ ဒီ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဆက်ရှိနေဆဲဖြစ်ကြောင်း၊ ဒါကြောင့် အစုအဝေးပုံစံ ကူးစက်ဖြစ်ပွားမှုအသစ်တွေ ရှောင်ကြဉ်နိုင်ဖို့အတွက်ဆိုရင် ကပ်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုတွေ ဆက်လုပ်သွားရမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

အလားတူ ဘယ်နိုင်ငံမဆို “တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ဆောင်ချက်” တွေ လုပ်မယ်ဆိုရင် ဒါက တခြားနိုင်ငံတွေအပေါ်မှာလည်း ထိခိုက်နိုင်တယ်ဆိုပြီး တရုတ်သမ္မတက ထောက်ပြသတိပေးသွားခဲ့ပါတယ်။

“ဒီလောက် ကြီးမားတဲ့ အကျပ်အတည်းအောက်မှာ ဘယ်နိုင်ငံမှ တစ်နိုင်ငံတည်းကွက်ပြီး ဘေးကင်းနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကပဲ ကမ္ဘာကြီးအတွက် မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ်၊ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေ၊ တာဝန်ရှောင်လွှဲတဲ့ လုပ်ရပ်တွေ၊ နောက်ပြီး အမှားအမှန်ကို ရှုပ်ထွေးစေတဲ့ လုပ်ရပ်တွေ လုပ်တဲ့ နိုင်ငံမျိုးကတော့ သူ့ပြည်သူတွေအပေါ် ထိခိုက်စေနိုင်ရုံသာမက ကမ္ဘာရဲ့ ကျန်ဒေသတွေအပေါ်မှာပါ ထိခိုက်စေနိုင်ပါတယ်” လို့ တရုတ်သမ္မတက ပြောသွားခဲ့ပါတယ်။

“ခုချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ဒီကပ်ရောဂါကို ရဲဝံ့စွာ ရင်ဆိုင်တိုက်ခိုက်ရင်း အသက်တွေ ပေးလှူစွန့်လွှတ်သွားခဲ့ကြတဲ့ အာဇာနည်တွေကိုလည်း အထူးဝမ်းနည်းအောက်မေ့ကြောင်း ဖော်ပြလိုပါတယ်၊ ကပ်ရောဂါအတွင်း ကံမကောင်းစွာနဲ့ သေဆုံးသွားသူတွေအတွက်ရောပေါ့၊ ခုချိန်မှာ ကပ်ရောဂါက ကမ္ဘာတဝန်း ဆက်ပျံ့နှံ့နေဆဲပါ၊ တရုတ်မှာလည်း ပြည်တွင်းကူးစက်မှုအန္တရာယ်တွေ ဆက်ရှိနေဆဲပါ၊ ကပ်ရောဂါအပေါ် အလုံးစုံ တိုက်ဖျက်အောင်မြင်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းမှုတွေ ဆက်လုပ်သွားရမှာပါ၊ အစပိုင်းမှာပဲ ရှိနေသေးတဲ့အတွက် ကျွန်တော်တို့ သတိရှိသင့်ပါတယ်၊ အားထုတ်မှုတွေ ဆက်လုပ်သွားရပါမယ်၊ ကိုရိုနာဗိုင်းရပ်စ် ပြည်ပကနေ ပြည်တွင်းကို ဝင်မလာနိုင်အောင်နဲ့ ပြည်တွင်းကူးစက်မှုတွေ ပြန်တက်မလာအောင် တားဆီးဖို့ သေချာလုပ်သွားဖို့ လိုပါတယ်” လို့ ရှီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly