နှင်ထုတ်မခံရစေရန် ဘယ်လာရုစ် ဆန္ဒပြခေါင်းဆောင် နိုင်ငံကူးလက်မှတ်ကို ဆုတ်ဖြဲဖျက်ဆီး

နှင်ထုတ်မခံရစေရန် ဘယ်လာရုစ် ဆန္ဒပြခေါင်းဆောင် နိုင်ငံကူးလက်မှတ်ကို ဆုတ်ဖြဲဖျက်ဆီး

စက်တင်ဘာ ၉

ထင်ရှားသည့် ဆန္ဒပြခေါင်းဆောင် မာရီယာ ကိုလက်စ်နီကိုဗာကို ဘယ်လာရုစ် အာဏာပိုင်များက ယူကရိန်းနယ်စပ်သို့ စက်တင်ဘာလ ၈ ရက်နေ့တွင် နှင်ထုတ်ခဲ့သော်လည်း သူမက နိုင်ငံကူးလက်မှတ်ကို ဆုတ်ဖြဲဖျက် ဆီးလိုက်သဖြင့် နယ်စပ်ကို အတင်းအကျပ်ဖြတ်ကျော်ခိုင်းရန် မဖြစ်နိုင်တော့ဟု ကိုလက်စ်နီကိုဗာ၏ မိတ်ဆွေနှစ်ဦးက ပြောသည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှင်ကို ကို သီတင်းလေးပတ်ကြာ ဆန္ဒပြမှုတွင် အဓိကကျသူဖြစ်သော ကိုလက်စ်နီကိုဗာကို မင့်စ်မြို့ လမ်းတစ်ခုပေါ်မှာ ရုတ်တရက် ဖမ်းဆီးခေါ်ဆောင်ပြီး နောက်တစ်ရက်တွင် ယူကရိန်းနယ်စပ်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် မျက်နှာ အကာအကွယ်တပ်ထားသော လူများက သူမကို ရုတ်တရက် ဗင်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားပြီးနောက် ကိုလက်စ်နီကိုဗာ၏ ကံကြမ္မာကို မသိနိုင်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။ ဘယ်လာရုစ် ရဲတပ်ဖွဲ့ကမူ သူမကို ဖမ်းဆီးခြင်းမရှိဟု ငြင်းဆိုသည်။

ကိုလက်စ်နီကိုဗာ၏ မိတ်ဆွေနှစ်ဦးဖြစ်ပြီး ထင်ရှားသည့် အတိုက်အခံနှစ်ဦးဖြစ်သည့် အန်တန် ရော့ဒ်နင်ကော့ဗ်နှင့် ကရပ်ဗ်ဆော့ဗ်တို့က ယူကရိန်းနိုင်ငံ၊ ကီယေ့ဗ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သူတို့ကို အရပ်ဝတ်နှင့် ဘယ်လာရုစ် အရာရှိများက ကားနှင့်ဖမ်းဆီးခေါ်ဆောင်သွားကာ ကိုလက်စ်နီကိုဗာကို ယူကရိန်းနယ်စပ် ဖြတ်ကျော်ခိုင်းခဲ့သည်ဟု ပြောသည်။

“ကားဆိုက်လို့ နိုင်ငံကူးလက်မှတ်ကိုလည်း မြင်ရော သူမက နိုင်ငံကူးလက်မှတ်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပြီး ကားဘေးမှာ ဝိုင်းထားတဲ့သူတွေဆီ ကားပြတင်းပေါက်ကနေ ပစ်ပေါက်လိုက်တယ်” ဟု ရော့ဒ်နင်ကော့ဗ်က ပြောသည်။

“ပြီးလည်းပြီးရော ကားတံခါးဖွင့်၊ အပြင်ထွက်ပြီး ဘယ်လာရုစ် နယ်စပ်ဘက်ခြမ်း လမ်းလျှောက်သွားတယ်” ဟု သူက ဆက်ပြောသည်။ ထိုနေရာတွင် ဘယ်လာရုစ် အရာရှိများက ကိုလက်စ်နီကိုဗာကို ထပ်မံဖမ်းဆီးခဲ့သည်။

လက်ရှိသမ္မတ လူကာရှင်ကိုက ဆန္ဒမဲ ၈၀ ရာခိုင်နှုန်းဖြင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသည်ဟု ကြေညာပြီးနောက် ပြီးခဲ့သည့်လ မတိုင်ခင်ကတည်းက အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်းများ ဖြစ်ပေါ်ပြီးနောက် ကိုလက်စ်နီကိုဗာ ပျောက်ဆုံးနေမှု ထပ်ဖြစ်လာခြင်း ဖြစ်သည်။

ယူကရိန်း ဒုတိယ ပြည်ထဲရေးဝန်ကြီး အန်တန် ဂျရက်ချင်ကိုက ကိုလက်စ်နီကိုဗာသည် သူ့ဇာတိနိုင်ငံမှ အတင်းအကျပ် နှင်ထုတ်မခံရအောင် အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်ဟု Reuters သတင်းဌာနသို့ ပြောသည်။ ထို့ကြောင့် ကိုလက်စ်နီကိုဗာ၏ အသက်နှင့် ကျန်းမာရေး ကိစ္စအဝဝသည် ဘယ်လာရုစ် အာဏာရှင် လူကာရှင်ကိုထံတွင် တာဝန်ရှိသည်ဟုလည်း ဒုတိယ ပြည်ထဲရေးဝန်ကြီးက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုက ကိုလက်စ်နီကိုဗာ၊ ရော့ဒ်နင်ကော့ဗ်နှင့် ကရက်ဗ်ဆော့ဗ်တို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမှုအပေါ် အထူးစိုးရိမ်မိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အဖမ်းခံရသည့် အမေရိကန်နိုင်ငံသား နိုင်ငံရေးအကြံပေး ဗီတာလီ ရှက်ခ်လီယာရော့ဗ် အပါအဝင် မတရားအဖမ်းခံထားရသူ အားလုံးကို လွတ်ပေးရန် ဘယ်လာရုစ်အာဏာပိုင်များကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားသည်။

လူကာရှင်ကိုကမူ ကိုလက်စ်နီကိုဗာကို သူ့မိတ်ဆွေများက နယ်စပ်လုံခြုံရေးများ တားဆီးချိန်တွင် ကားပေါ်မှ ချထားခဲ့ခြင်းကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ကွဲလွဲစွာပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ညနေခင်းက မင့်စ်မြို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများက ကိုလက်စ်နီကိုဗာ ပျောက်ဆုံးနေမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အချို့က “မာရီယာ၊ မင်းဟာ သူရဲကောင်းပါ” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။  ထိုဆန္ဒပြပွဲတွင် ဒါဇင်နှင့်ချီသော ဆန္ဒပြသူများကို ရဲက ဖမ်းဆီးခဲ့သည်။

ဆန္ဒပြလူအုပ်ထဲမှ တချို့ကို မျက်နှာအကာအကွယ် တပ်ထားသော ရဲများက  ဆွဲထုတ်ခဲ့ကြောင်း၊ တချို့အမျိုးသမီးများကို ဆံပင်မှဆွဲကာ ဒရွတ်တိုက် ဆွဲခေါ်သွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ပြေးနေထိုင်နေရသည့် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သူ ဆဗီယက်လာနာ ဆီခါနိုစကာယာက ကိုလက်စ်နီကိုဗာကို လွှတ်ပေးရန် တောင်းဆိုထားပြီး သူမကို ဖမ်းဆီးမှုသည် အစိုးရဆန္ဒပြပွဲကို မီးထိုးပေးသလိုသာ ဖြစ်လိမ့်မည်ဟု ပြောသည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သည့် အာဏာရှင် သမ္မတ လူကာရှင်ကိုသည် ဘယ်လာရုစ်နိုင်ငံကို ၂၆ နှစ်ကြာ အုပ်စိုးခဲ့သူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly