မြစ်ရေ စည်းချက် ဧရာဝတီ - ၁၄

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၄
သန့်ဇော်(သန်လျင်)

သန့်ဇော်(သန်လျင်) 

သဘာဝကပေးထားတဲ့ သယံဇာတတွေထဲမှာ ရွှေ၊ ငွေ၊ ဓာတ်သတ္ထုတွေ အပါအဝင် မြစ်ရေ ချောင်းရေ ဆိုတဲ့ ရေသယံဇာတတွေလည်းပါဝင်ပါတယ်။ သဘာဝကပေးထားတဲ့ အမြောက်အမြား အသုံးဝင်တဲ့ ပစ္စည်းဆိုရင် ဘာပဲ ဖြစ်ဖြစ် သယံဇာတလို့ ပြောရင် ရတာပဲမဟုတ်ပါလား။ အဲဒါကြောင့်ပဲ မြစ်ချောင်းတွေကို လေ့လာတဲ့ Potamology ဆိုတဲ့ ဘာသာရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။  

မြစ်ကြောင်းအတိုင်းဗန်းမော်ကနေထွက်လာရင် မြစ်ရဲ့ ဟိုဖက် ဒီဖက်မှာတော့ သောင်ပြင်ကြီးတွေကို တွေ့ရပါတယ်။ တော်တော်လေးသွားလိုက်တော့ မြစ်ဟာအနည်းငယ်ကျဉ်းလာတာတွေ့ရပါတယ်။ ကျွန်တော်တို့ စုန်ဆင်းလာတဲ့ ဘယ်ဖက်အခြမ်း၊ ဗန်းမော်မြို့ရဲ့တောင်ဖက်မှာ ရွာကြီးတစ်ရွာကိုလည်း တွေ့ရပါတယ်။ ဧရာဝတီမြစ်ကတော့ မြစ်ကြီးအတိုင်းရေတွေသာပြည့်နေမယ်ဆိုရင် မြစ်ရေပြင်ကြီးဟာ အင်မတန်ကိုကြီးမားကျယ်ပြန့်နေမှာပါ။ ခုတော့ အဓိကမြစ်ကြောင်း၊ ပင်မမြစ်ကြောင်းကို မသိတဲ့သူဆို တွေ့ဖို့ မလွယ်ကူနိုင်လောက်အောင် မြေနုကျွန်းတွေဟိုနေရာတွေ့ ဒီနေရာတွေ့နဲ့ တစ်မျိုးတော့ ကြည့် မဝပါဘူး။ 

ဆက်သွားလေလေမြေနုကျွန်းတွေနည်းလာပြီးမြစ်ပြင်ကလည်းကျဉ်းလာတာတွေ့ရပါတယ်။ ဧရာဝတီ မြစ်ရဲ့ ဒုတိယမြစ်ကျဉ်းနားနီးလာလို့ မြစ်ကကျဉ်းလာတာဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကျဉ်းထဲကို စဝင်လာပြီး ခဏအကြာမှာတော့ ဧရာဝတီမြစ်ကူးတံတားကြီးတစ်စင်းကိုလှမ်းမြင်နေရပါတယ်။ သဘာဝတောတောင်တွေနဲ့ တံတားကြီးနဲ့ ကြည့်ရတာအတော်ကလေးစိတ်အေးချမ်းလှပါတယ်။ အရင်တုန်းကသူတို့ဒေသကအဖိုးအဖွားတွေကိုလည်းသွားသတိရလိုက်ပါတယ်။ ဆင်ခန်းတံတားလို့ သိရပါတယ်။ အရင်တုန်းကဆိုဒီနေရာတွေမှာလှေကလေးတွေ၊ သမ္ဗာန်တွေနဲ့ လူတွေကူးကြ၊ ကုန်စည် တွေကူးသန်းကြတာတွေကိုလည်းစိတ်ကူးယဉ်ကြည့်လိုက်ပါသေးတယ်။ 

တဖြည်းဖြည်းနဲ့ ဗန်းမော်ခရိုင်ထဲကမန်စီမြို့နားနီးလာလေလေမြစ်ကကျဉ်းလာလေလေပါပဲ။ မြစ်ရေတွေ ကလည်း မြစ်ပြင် အပြည့်နီးပါးကိုဖြစ်နေလို့ ကြည့်လို့ အလွန်ကောင်းနေပါတော့တယ်။ ဆက်သွားရင်း ဆက်သွားရင်းနဲ့ ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်းထဲဝင်မှန်းမသိဝင်လာပါတော့တယ်။ ရေစီးကလည်း ပိုပြီး မြန်လာသန်လာပါတယ်။  အဲဒီလိုနေရာမျိုးမှာရေအရင်းအမြစ်ဆိုတာကိုဒက်ထိတွေ့ရမှာပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ ရေသယံဇာတဆိုတာ အဲဒီလိုဟာမျိုးကိုခေါ်တယ်ဆိုတာ အားလုံးမငြင်းနိုင်ဘဲ ဖြစ်နေပါတော့တယ်။  

မန်စီ(မံစီ)ကိုကျော်လာတဲ့အခါ မြစ်ပြင်ဟာအရင်ထက်တောင် ကျဉ်းမြောင်းသွားပြီးမြစ်အကွေ့တစ်ခုကို စတွေ့ပါတယ်။ ရေစီးကလည်းမိုးအခါဆိုတော်တော်လေးမြန်မှာ၊ သန်မှာဖြစ်ပါတယ်။ မြစ်ကွေ့မှာရှေ့ တည့်တည့်ကိုရေတိုးလို့၊ ရေထိုးလို့ ပုံမှန်မြစ်ကျဉ်းထက် ကျယ်နေတာကိုလည်းမြင်ရပါတယ်။ အဲဒီ အကွေ့ကနေ နောက်ထပ်အကွေ့၊ နောက်အကွေ့တစ်ခုပြီးတဲ့အခါ မြစ်ဟာဖြောင့်တန်းသွားပါတော့ တယ်။ ရေစီးကလည်းတဖြည်းဖြည်းပုံမှန်ရေစီးလိုပြန်ဖြစ်နေတာကိုလည်းလေ့လာမိပါတယ်။ 

တောင်တန်းကြီးတွေကြားကနေ ဧရာဝတီမြစ်ဟာအဲဒီတောင်တန်းကြီးတွေကိုထိုးဖောက် စီးဆင်းနေ တာ မျက်ဝါးထင်ထင်မြင်တွေ့နေရတာရယ်၊ ကျောက်နံယံကြီးတွေနဲ့ ကျောက်ဆောင် အလှတွေကို စာဖွဲ့လို့တောင် မမှီလောက်ပါဘဲတငေးငေးနဲ့ ပတ်ဝန်းကျင်ရဲ့ ဖမ်းစားခြင်းကို ကျွန်တော်တို့ အားလုံး ခံလိုက်ရပါတော့တယ်။ 

အဲဒီနေရာမှာထူးခြားတာကတော့ ကမ္ဘာကသိတဲ့ ဧရာဝတီလင်းပိုင်တွေပဲ ဖြစ်ပါတယ်။ ဒီလင်းပိုင်တွေ ဟာ အရှေ့ တောင်အာရှက တချို့နိုင်ငံတွေမှာ ရှိသေးပေမယ့် ကျွန်တော်တို့ရဲ့ ဧရာဝတီမြစ်ကို အမည်ပြုသတ်မှတ်ထားလို့ အဲဒီနိုင်ငံတွေမှာလည်း ဧရာဝတီလင်းပိုင်လို့သာ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းရဲ့အထက် နတ်ခုတ်ရွာအနီးနဲ့ စင်းခန်းရွာအနီး မြစ်ရေပြင်မှာ ဧရာဝတီလင်းပိုင်တွေ အများဆုံး နေထိုင်ကျက်စားရာ နေရာဖြစ်ပါတယ်။ 

နောက်တစ်ခု ထူးခြားတာကတော့ လင်းပိုင်တွေနေထိုင်ကျက်စားတဲ့ ဒုတိယမြစ်ကျဉ်းထဲက သိရှိသူတွေ နည်းတဲ့ ရေဝဲတွေရဲ့ အမည်တွေဖြစ်ပါတယ်။ ဝဲ အမည်တွေကို ဒေသခံတွေရွတ်ပြတာကတော့ ကျွန်တော်တို့အနေနဲ့ဆိုရင် တော်တော်များပါတယ်။ မှတ်မိသလောက် မြစ်အနောက်ခြမ်းမှာ ပွေးခေါင်းဝဲ၊ ကျောက်သင်ဖြူးဝဲ၊ သင်္ဘောပျက်ဝဲ၊ ပေါက်မဝဲ၊ ကျောက်ကြီးဝဲ၊ ခံတက်ကိုင်းဝဲ၊ ဖျံသေလေးဝဲ၊ ဖျံသေကြီးဝဲ၊ ကြက်တူရွေးနှုတ်သီးဝဲ၊ ဗျုန်းဗျုန်းကျဝဲ၊ နောင်မိုဘုရားဝဲ တွေဖြစ်ပြီး မြစ်အရှေ့ဖက်ခြမ်းမှာတော့ ကာလမှော်ဝဲ၊ ဆင်ကပြုတ်ဝဲ၊ နာမည်ကြီး ဥဒေါင်းတောင် လှိုင်ဂူရှေ့ရှိ ဥဒေါင်းဝဲ၊ မီးကပ်ဝဲ၊ ရှောက်ခါးဝဲ၊ စပါးထိုးဝဲ၊ ဘုံးပင်ဝဲ၊ ကျောက်ကြီးဝဲ၊ မီးသွေးဝဲ၊ တိန်ညင်းဝဲ၊ သိန်းတောင်ဝဲ၊ သစ်ထုတ်လုပ်ရေးစခန်းအနီး ဝဲမဝဲ စတဲ့ ရေဝဲတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေစီးတယ် ကျောက်ဆောင်တွေရှိတဲ့ အကွေ့ဆိုရင် ဝဲဖြစ်တော့ အဲဒီလို ဝဲတွေ များတာဖြစ်နိုင်ပါတယ်။ 

ဧရာဝတီရဲ့ ဒုတိယမြစ်ကျဉ်းအကြောင်းရေးနေတုန်း တိုက်ဆိုင်စွာနဲ့ပဲ ဒုတိယမြစ်ကျဉ်းအတွင်းက ရွှေကူမြို့အနီးမှာရှိတဲ့ ဒေသခံတွေရဲ့ ရေတိုင်းအမှတ်ကျောက်ဆောင်တွေထဲမှာ ထူးခြားပေါ်လွင်တဲ့ ကြက်တူရွေးနှုတ်သီးသဏ္ဍာန်ကျောက်စွန်းထွက်နေတာကို ကြက်တူရွေးနှုတ်သီးပုံ အနီနဲ့ အစိမ်း ဆေးချယ်ထားတဲ့ ဒေသခံတွေအခေါ် ကြက်တူရွေးရေသောက်ဆင်းရင် မြစ်အောက်ဖက်ပိုင်း ရေဝင်ဒေသ တွေမှာ ရေကြီးနိုင်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။  

ထူးထူးခြားခြားပါပဲ ခုရက်အတွင်းမှာ ဒုတိယမြစ်ကျဉ်းရဲ့ မြစ်ရေအခြေအနေဟာ အရင်ထက် ကြက်တူရွေးနှုတ်သီး ကျောက်ဆောင်အထိရောက်လာပါတယ်။ လူမှုကွန်ယက်ပေါ်မှာလည်း ရေကျနေတဲ့ပုံနဲ့ ယခုရေတက်နေတဲ့ ကြက်တူရွေးနှုတ်သီးပုံ နှစ်ပုံကို ယှဉ်ပြထားပြီး ကြက်တူရွေး နှုတ်သီးတောင် မြုပ်လုမြုပ်ခင်ဖြစ်နေတဲ့ပုံတွေ တက်လာပြီး သတိပေးထားတာတွေလည်း ဖတ်ရ ပါတယ်။ မိုးကလည်း မြန်မာပြည်အထက်ပိုင်းမှာ မိုးကြီးမယ်ဆိုတဲ့ သတိပေးချက်အတိုင်းကို ရွာနေ တာလေ။   

သတိပေးတဲ့အတိုင်းပဲ သတင်းတွေထဲမှာ လူမှုကွန်ရက်စာမျက်နှာတွေထဲမှာလည်း ကြက်တူရွေး နှုတ်သီးထိအောင် ရေမြုပ်နေတာကို တွေ့ရတော့ မြစ်အောက်ဖက်ပိုင်းမှာလည်း ရေကြီးရေလျှံတွေ ဖြစ်လို့ ဒေသခံတွေရဲ့ မြစ်ရေကြီးမယ့် သတိပေးချက်ဟာလည်း ရှေးယခင်ကတည်းက ခုချိန်ထိ ခေတ်မီ နေဆဲဖြစ်ပြီး အိုင်တီခေတ်မှာတော့ ချက်ချင်းကို အားလုံးသိပြီး သတိထားနိုင်တော့မှာ ဖြစ်ပါတယ်။ ။ 

 (ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly