ဂျပန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ၌  သောင်ပြိုကမ်းပြို အနိုင်ရရန် ဆူဂါ တစ်ပြေးနေ

ဂျပန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ၌  သောင်ပြိုကမ်းပြို အနိုင်ရရန် ဆူဂါ တစ်ပြေးနေ

 စက်တင်ဘာ ၉ 

ဂျပန်ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ရာတွင် ယိုရှီဟီဒဲဆူဂါက သောင်ပြိုကမ်းပြိုအနိုင်ရမည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု Asahi သတင်းစာ၏ စစ်တမ်းကောက်ယူချက်အရ သိရသည်။ 

ကာလရှည်ခေါင်းဆောင် ရှင်ဇိုအာဘေး၏ နေရာအား ဆက်ခံရန်အတွက် ကိုယ်စားလှယ်လောင်း သုံးဦးကြား ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းတွင် စကားစစ်ထိုးပွဲ စတင်ပြုလုပ်ချိန်လည်း ဖြစ်သည်။ 

ဂျပန် ကက်ဘိနက်အတွင်းဝန်ချုပ် ဆူဂါသည် လွှတ်တော်၌ အမတ်နေရာများ ရရှိထားသော အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP မှ အဖွဲ့ဝင် ၃၀၈ ဦး ရာနှုန်းအားဖြင့် ၈၀ နီးပါး၏ ပါတီခေါင်းဆောင်အဖြစ် ထောက်ခံမှုကို ရရှိထားကြောင်း Asahi သတင်းက ဆိုသည်။ 

ထိုအတွက် LDP ပါတီမဲစုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းကို ရရှိထားရာ အများစု လိုအပ်သော မဲအရေအတွက်ထက်ပင် ပိုများနေသည်။ 

ပါတီခေါင်းဆောင်ရွေးကောက်ပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရှင်ဇိုအာဘေးက ကျန်းမာရေးအရ ရာထူးမှ နုတ်ထွက်မည်ဟု ဆုံးဖြတ်ချက်ချပြီးနောက် ရက်သတ်မှတ်ထားခြင်းပဲ ဖြစ်သည်။ LDP ပါတီက လွတ်တော်တွင် အများစုဖြစ်ခြင်းကြောင့် ပါတီတွင်း မဲအနိုင်ရသူသည် ဝန်ကြီးချုပ်ဖြစ်လာရန် ကျိန်းသေသလောက် ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့တွင် ဆူဂါ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂျီရူအီရှီဘာနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း မူမီယိုကီရှီဒါတို့က ရုပ်မြင်သံကြား စကားစစ်ထိုးပွဲ ပြုလုပ်မည်ဖြစ်ပြီး အာဘေး၏ လက်အောက် ရှစ်နှစ်နီးပါး ရှိခဲ့သည့် နိုင်ငံကို မည်သူ ဦးဆောင်နိုင်မည်ဆိုခြင်းအား ကြိုးပမ်းကြမည် ဖြစ်သည်။ 

အာဘေးသည် ၎င်း၏ ‘အာဘေးနိုမစ်’ဆိုသည့် စီးပွားရေးပုံဆောင်မှုနှင့်အတူ အောင်မြင်မှုရခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက အဆိုပါ အောင်မြင်ထားသည့် စီးပွားရေးကို ယိုင်နှဲ့ပစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly