လဝန်းပြာပြာစိန် ကမ္ဘာ့စံချိန်တင်စျေး စင်ကာပူဒေါ်လာ ၆၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်

လဝန်းပြာပြာစိန် ကမ္ဘာ့စံချိန်တင်စျေး စင်ကာပူဒေါ်လာ ၆၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်

ဂျီနီဗာ၊ နိုဝင်ဘာ ၁၂ ။            ။ အလွန့်အလွန်ရှားပါး၍ အပြစ်အနာကင်းသည့် လဝန်းပြာပြာစိန်( Blue Moon Daimond ) ကို ဟောင်ကောင်မှ ဝယ်ယူသူတစ်ဦးထံသို့ ဆွစ်ဖရန့် ၄၈ဒသမ၆သန်း (စင်ကာပူဒေါ်လာ ၆၈သန်း)ဖြင့် နိုဝင်ဘာ ၁၁ ရက်နေ့က ရောင်းချနိုင်ခဲ့ရာ ကျောက်မျက်လေလံသမိုင်းတွင် ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု လေလံကုမ္ပဏီ Sotheby's ကပြောသည်။

၁၂ဒသမ၀၃ကာရက်ရှိသော ယင်းစိန်ကို မရောင်းရမီ အမေရိကန်ဒေါ်လာ ၃၅သန်းမှ ၅၅သန်း(စင်ကာပူဒေါ်လာ သန်း၅၀မှ ၇၈သန်း)ကြားဈေးနှုန်းဖြင့် ရောင်းရမည်ဟု ခန့်မှန်းခဲ့သည်။

ရောင်းရခဲ့သမျှကျောက်မျက်အားလုံးတွင် စံချိန်တင် ဈေးနှုန်းသစ်တစ်ခုဖြစ်ကြောင်း Sotheby's နိုင်ငံတကာရတနာဋ္ဌာနကြီး၏ ကမ္ဘာလုံးဆိုင်ရာဥက္ကဋ္ဌ မစ္စတာဒေးဗစ်ဘင်နက်က ပြောသည်။   ရောင်းချမှုကို ဂျီနီဗာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်မှ ဝယ်ယူသူက ၎င်းဝယ်ယူသည့် စိန်ကြီးကို ဂျိုးဇက်ဖင်း၏ လဝန်းပြာ ဟုချက်ခြင်းအမည်ပြန်ပေးသည်။ တစ်ကာရက်လျင် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် ရောင်းရခြင်းကြောင့် စံချိန်တင်ဈေးနှုန်းရခဲ့ခြင်းဖြစ်သည်ဟု ဒေးဗစ်ကဆိုသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပြိုင်ဘက် Christie's လေလံကုမ္ပဏီက ကြီးမားရှားပါးသည့် ပန်းရောင်စိန်ကြီးတစ်ခုကို ဆွစ်ဖရန့် ၂၈ဒသမ၇၂၅သန်းဖြင့် ရောင်းချခဲ့ရသေးသည်။ ယင်းဈေးနှုန်းမှာလည်း ပန်းရောင်စိန်လောကတွင် ကမ္ဘာ့စံချိန်တင်ဈေးရရှိခဲ့သည်။ စိန်နှစ်မျိုးစလုံးကို ဟောင်ကောင်အခြေစိုက် တရုတ်သူဋ္ဌေးတစ်ဦးတည်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly