COVID -19 ရောဂါကြောင့် တစ်အိမ်တက်ဆင်း ထောက်ခံရန်ပြောရမည်ကို စိတ်မလုံကြောင်း ဦးကိုကိုကြီးပြော

COVID -19 ရောဂါကြောင့် တစ်အိမ်တက်ဆင်း ထောက်ခံရန်ပြောရမည်ကို စိတ်မလုံကြောင်း ဦးကိုကိုကြီးပြော
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

စက်တင်ဘာ ၈ ရက်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ တစ်ကြော့ပြန် ပြန်လည်ဖြစ်ပွားနေချိန်တွင် အထွေထွေရွေးကောက်ပွဲ အတွက် တစ်အိမ်တက် ၊တစ်အိမ်ဆင်း ထောက်ခံရန်ပြောရမည်ကို စိတ်မလုံကြောင်း ပြည်သူ့ပါတီ(PP)၏ ဥက္က ဋ္ဌဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

“ရပ်ကွက်ထဲဆင်းမယ်ဆိုတော့ ဘယ်အိမ်ကဘာမှန်းမသိတဲ့ ပိုးပါလား၊မပါလား မသိတဲ့လူတွေ ၊ တစ်အုပ်ကြီး တစ်မကြီးဝင်လာတဲ့ကိစ္စကို ကျွန်တော်ဆိုလည်း စိတ်ထဲမှာမသန့်ဘူး။ လူတွေတထိပ်တလန့်နဲ့ အရောင်းအဝယ် တွေပျက်၊စားရေးနေရေးဒုက္ခတွေရောက် နေတဲ့အချိန်မှာ ထောက်ခံပါ ၊ မဲပေးပါ ဆိုပြီးသွားပြောရမဲ့ကိစ္စကို ကျနော်တော့မလုံဘူး “  ဟု ဦးကိုကိုကြီးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ရက်နေ့မှစတင်ကာ ကိုယ်စားလှယ်လောင်း မဲဆွယ် စည်းရုံးခွင့်ကို ခွင့်ပြုခဲ့သော်လည်း လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် နိုင်ငံရေးပါတီများအနေ ဖြင့် စည်းရုံးရေးနှင့်ဟောပြောပွဲပြုလုပ်မှုများ၊မော်တော်ယာဉ်များနှင့်လှည့်လည်ခြင်းများတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီဆောင်ရွက်ရမည့်အချက်များသည် မြေပြင်အခြေအနေအရ လိုက်နာရန် ခက်ခဲ မှုများရှိကြောင်းလည်း ၎င်းကဆိုသည်။

 

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

“အခုကလွန်ရော၊ ကျွံရောလုပ်နိုင်တာ ကားပေါ်မှာ ဆောင်းဘောက်စ်တင်ပြီးတော့ လှည့်တာမျိုးလုပ်လို့ရ တယ်။ အခုက ကျန်းမာရေးဝန်ကြီးဌာန ရဲ့ခွင့်ပြုချက်ကိုပါ ရယူရမယ်ဆိုတာပါလာတော့ အရင်တုန်းက ကော်မရှင် နဲ့တင်ပြီးတယ်။ နိုင်ငံရေးပါတီများက ဘယ်နေရာမှာဟောပြောပွဲ ၊ စည်းရုံးရေးလုပ်မယ်ဆိုတာ ကော်မရှင်ကို အသိပေးပြီးဆောင်ရွက်လို့ရတယ်။ အခုဟာက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တွေပါ လိုလာတယ်။ ညွှန်ကြားချက်များကလည်း မြေပြင်ပေါ်မှာ လက်တွေ့ လိုက်နာဖို့တော်တော်ခဲရင်း ပါတယ် “ ဟု ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်ရှိ ပြည်သူ့ပါတီရုံးတွင် စက်တင်ဘာလ ၈ရက် နံနက်ပိုင်းက ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၈ရက် နံနက်ပိုင်းတွင် (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကို ကြီး တည်ထောင်ထားသည့် ပြည်သူ့ပါတီ(PP) မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

၎င်း မဲဆွယ်စည်းရုံးမှုတွင် ပြည်သူ့ပါတီ(PP) မှ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများနှင့်ပါတီဝင်များက ပါတီဆိုင်းဘုတ်များကိုင်ဆောင်ကာ ကမာရွတ်မြို့နယ်ရှိ ပြည်သူ့ပါတီရုံးမှ လှည်း တန်းစင်တာအရှေ့အထိ လမ်းလျှောက်ခဲ့ကြပြီး COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို အများပြည်သူသို့ ဝေငှခဲ့ကြသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ရက်မှ စတင်လုပ်ဆောင်ရန်ခွင့်ပြုခဲ့ပြီး ပါတီစုံအထွေထွေ ရွေး ကောက်ပွဲကို  လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly