ဂါဇာကမ်းမြှောင်ဘက်မှ မီးလောင်ဗုံးတပ်မိုးပျံပူဖောင်းများကို ပစ်ချမည့် လေဆာပဲ့ထိန်းကာကွယ်ရေးစနစ် အစ္စရေးစမ်းသပ်

By AFP
08 September 2020
ဂါဇာကမ်းမြှောင်ဘက်မှ မီးလောင်ဗုံးတပ်မိုးပျံပူဖောင်းများကို ပစ်ချမည့် လေဆာပဲ့ထိန်းကာကွယ်ရေးစနစ် အစ္စရေးစမ်းသပ်
Photo - AFP

စက်တင်ဘာ ၈  

အစ္စရေးနိုင်ငံဟာ OptiDefense ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ Light Blade ခေါ် လေဆာပဲ့ထိန်းစနစ်သုံး ကာကွယ်ရေးကိရိယာကို  ဂါဇာကမ်းမြှောင်ဒေသနယ်စပ်မှာ စမ်းသပ်လျက်ရှိပါတယ်။  

ပါလက်စတိုင်းနယ်မြေဘက်ကနေ လွင့်မျောလာတဲ့ မီးလောင်ဗုံးတပ် မိုးပျံပူဖောင်း တွေလိုမျိုး လေနှင်ရာလာတဲ့ပစ္စည်းတွေကို ဟန့်တားနှောင့်ယှက်ဖို့ တီထွင်ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။  

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေတပ်ထားတဲ့ မိုးပျံပူဖောင်းတွေကြောင့် အစ္စရေးတောင်ပိုင်းက လယ်မြေများစွာ ပျက်စီးခဲ့ပြီး မီးလောင်မှုပေါင်း ၄၀၀ ထက်မနည်းရှိခဲ့ပါတယ်။  

လေဆာပဲ့ထိန်းစနစ်သုံး ကာကွယ်ရေးကိရိယာတွေနဲ့ပတ်သက်ပြီး အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကီ ရိုဆန်ဖဲလ် က ခုလိုပြောပြပါတယ်။  

“အစ္စရေးရဲတပ်ဖွဲ့နဲ့ နယ်စပ်ရဲတွေပူပေါင်းပြီး မီးလောင်ဗုံးတပ် မိုးပျံပူဖောင်းတွေကို ပစ်ချနိုင်မယ့် လေဆာပဲ့ထိန်းစနစ်သုံး ကာကွယ်ရေးကိရိယာသစ်ကို စမ်းသပ်ကြည့်နေတာပါ။ ဂါဇာကမ်းမြှောင်ဘက်ကနေ လေနဲ့အတူ လွင့်မျောလာတဲ့ မိုးပျံပူဖောင်းတွေမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ တပ်ထားကြပါတယ်။ အဲဒါတွေကြောင့် အစ္စရေးဘက် လယ်ကွင်းတွေ၊ စိုက်ပျိုးမြေတွေနဲ့ လူနေရပ်ကွက်တွေ မီးလောင်မှုဖြစ်စေပါတယ်။ အခုတီထွင်ထားတဲ့စနစ်ကတော့ ထူးခြားပြီး ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်”  

ကာကွယ်ရေးစနစ်တီထွင်တဲ့ OptiDefense ကုမ္ပဏီ ပူးတွဲတည်ထောင်သူ အာမီးရယ်အီရှားယာ က “ဒီစနစ်က အဓိကအားဖြင့် ပူဖောင်းတွေအတွက် တီထွင်ထားတာပါ။ ဒါပေမယ့် ဒရုန်းတွေနဲ့ပတ်သက်ပြီး ဟန့်တားနိုင်တဲ့ စွမ်းရည်အကန့်အသတ်တော့ရှိပါတယ်။ ဒရုန်းတွေကိုပါဟန့်တားနိုင်ဖို့ စနစ်ကို အဆင့်မြှင့်လုပ်ဆောင်နေပါတယ်။ ပူဖောင်းရော ဒရုန်းတွေကိုပါ ထိထိရောက်ရောက် ဟန့်တားသွားနိုင်ဖို့ တစ်နှစ်အတွင်းမှာ  လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ဆိုပါတယ်။ 

ဒီကာကွယ်ရေးစနစ်က စိတ်အချရဆုံး လေဆာစနစ်ဖြစ်ပြီး ဝေဟင်ထဲမှာ ပျံသန်းနေတဲ့ လေယာဉ်တွေနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေဘဲ ပစ်မှတ်ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိတယ်လို့ ဆိုပါတယ်။  

ရန်သူ့နယ်မြေအတွင်းက အရာဝတ္ထုတွေကိုပါ ပစ်ချသွားနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။  

ဒီစနစ်က တစ်ကြိမ်မှာ ပစ်မှတ်တစ်ခုတည်းကိုပဲ စူးစိုက်ပြီး ပစ်ချနိုင်တာကြောင့် ပူဖောင်းတွေအားလုံးကို  ပစ်ချနိုင်ဖို့  ဆက်လက်တီထွင်လျက်ရှိပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly