သြစတြေးလျ လူမည်းကျောင်းသားများအပေါ် လူမျိုးရေးခွဲခြားသည့် လုပ်ရပ်ကြောင့် Apple တောင်းပန်ရ

သြစတြေးလျ လူမည်းကျောင်းသားများအပေါ် လူမျိုးရေးခွဲခြားသည့် လုပ်ရပ်ကြောင့် Apple တောင်းပန်ရ

မဲလ်ဘုန်း၊ နိုဝင်ဘာ-၁၂ ။          ။ စမတ်ဖုန်းဘီလူးကြီး Appleမှာ သြစတြေးလျမှ ဆိုင်တစ်ဆိုင်တွင် ကျောင်းသားလူငယ် ၆ယောက်အား ဆိုင်မှ ထွက်သွားခိုင်းရာ ကျောင်းသားများက လူမျိုးရေးခွဲခြားသည့် လုပ်ရပ်အဖြစ် ဖော်ပြလာသောကြောင့် တောင်းပန်လိုက်ရသည်ဟု ဆိုသည်။

မဲလ်ဘုန်း ဟိုက်ပွိုင့်ဈေးဝယ်စင်တာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဗွီဒီယိုကြောင့် လူမှုမီဒီယာတွင် အုတ်အော်သောင်းသင်းဖြစ်သွားခဲ့သည်ဟု ဆိုသည်။

ကျောင်းသားလူငယ်များက ခိုးဝှက်မည်ဖြစ်သောကြောင့် လုံခြုံရေးစိုးရိမ်ရသည်ဟု ဆိုင်ဝန်ထမ်းတစ်ယောက်က အော်ပြောနေသံကို ကြားနေရသည်ဟု ဆိုသည်။

Appleနှင့် စတိုးဆိုင်မန်နေဂျာတို့က အားလုံးလူမည်းများချည်းဖြစ်သည့် ကျောင်းသားလူငယ်များနှင့် ၎င်းတို့၏ ကျောင်းအုပ်တို့ကို ဝန်ချတောင်းပန်ခဲ့ရသည်ဟု ဆိုသည်။

ဗွီဒီယိုကို ရိုက်ကူးခဲ့သည့် ကျောင်းသားလူငယ် ဖရန်စစ် အိုစီက ၎င်း၏ဖေ့စ်ဘုတ်တွင် ဒါဟာ လူမျိုးရေးခွဲခြားမှုသက်သက်ပဲ သူတို့ကို တောင်းပန်ခိုင်းရမယ်ဟု ပြောကြားခဲ့သည်။   

ဖြစ်ရပ်တွင်ပါဝင်ခဲ့သည့် နောက်ထပ်ကျောင်းသားလူငယ် မိုဟာမတ် ဆမ်ရာကလည်း ၎င်း၏ဖေ့စ်ဘုတ်တွင် Apple၏ ဝန်ချတောင်းပန်မှုကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။

‘သူတို့က တောင်းပန်တော့ ကျနော်တို့လည်း စိတ်ပြေသွားပါပြီ။ နောက်တစ်ဆင့်တက်စရာ မလိုတော့ဘူးပေါ့’’ဟု ၎င်းက ရေးသားခဲ့သည်။

အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗွီဒီယိုမှာ ဖေ့စ်ဘုတ်ပေါ်တွင် ကြည့်ရှုသည့်အကြိမ်ရေ ၃၉၀၀၀အထိ ရှိခဲ့သည်။ ဗွီဒီယိုထဲတွင် ဆိုင်ဝန်ထမ်းတစ်ဦးက ‘ဒီငနဲတွေဟာ….တစ်ခုခု ခိုးမှာ စိုးရိမ်ရတယ်’’ဟု အော်ပြောနေသံကို ကြားကြရသည်ဟု ဆိုသည်။

ကျောင်းသားလူငယ်များက ကန့်ကွက်သည့်အခါတွင် ဆိုင်ဝန်ထမ်းက ‘ဆွေးနွေးလို့ပြီးပါပြီ။ မင်းတို့ ဒီဆိုင်ထဲက ထွက်သွားပေးပါ’ဟု ပြောကြားသည်ဟု ဆိုသည်။ ဗွီဒီယိုထဲတွင် ပါဝင်သည့် ကျောင်းသားလူငယ်အားလုံးမှာ မဲလ်ဘုန်းရှိ Maribymong ကောလိပ်တွင် တက်ရောက်နေကြသူများဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly