အီတလီသံတမန် ဖိလစ်ပိုဂရန်ဒီ ဇန်နဝါရီလတွင် ကုလဒုက္ခသည်များဆိုင်ရာအကြီးအကဲသစ် ဖြစ်လာမည်

အီတလီသံတမန် ဖိလစ်ပိုဂရန်ဒီ ဇန်နဝါရီလတွင် ကုလဒုက္ခသည်များဆိုင်ရာအကြီးအကဲသစ် ဖြစ်လာမည်

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၂ ။         ။ ကမ္ဘာ့အဆိုးဝါးဆုံး ဒုက္ခသည်အကျပ်အတည်းကို ကိုင်တွယ်ရမည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အကြီးအကဲသစ်အဖြစ် အီတလီသံတမန် ဖိလစ်ပိုဂရန်ဒီကို ခန့်အပ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က နိုဝင်ဘာ ၁၁ တွင် ကြေညာခဲ့သည်။

အသက်၅၈နှစ်အရွယ် ၎င်းသံတမန်က ၂၀၀၅ခုနှစ်ကတည်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ပေါ်တူဂီမှ မစ္စတာ အန်တိုနီယိုဂုတားရက်စ်၏ နေရာကို အစားထိုးတာဝန်ယူမည်ဖြစ်သည်ဟု ကုလ၏ ကြေညာချက်တွင် ဖော်ပြသည်။ ၂၀၀၆ခုနှစ် ဇန်နဝါရီလတွင် စတင်တာဝန်ယူမည့် မစ္စတာဂရန်ဒီသည် ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း ဟဲလ်သော်နင်းရှမစ်နှင့် ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်ရေးရာပရိုဂရမ်ညွှန်ကြားရေးမှူး ဂျာမနီလူမျိုး အာချင်စတိန်နာတို့ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သမ္မတဘားရက်အိုဘားမားနှင့် ဆယ်လ်ဖီရိုက်ပြီးနောက် အင်တာနက်တွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့သော မစ္စသော်နင်းရှမစ်သည် ဇွန်လက ဝန်ကြီးချုပ်ရာထူးမှ ဆင်းကတည်းက ကုလဒုက္ခသည် ဆိုင်ရာအကြီးအကဲရာထူးအတွက် စည်းရုံးနေခဲ့သည်။ မစ္စတာ ဂရန်ဒီကို ရွေးချယ်ခြင်းမှာ ဥရောပတွင် ဒုက္ခသည်အကျပ်အတည်းဆိုးဝါးစွာခံစားနေရသော အီတလီကို နေရာပေးခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ထို့အပြင် ခက်ခဲသော ကုလရာထူးအချို့တွင် ၎င်း၏လုပ်ဆောင်ချက်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၀မှ ၂၀၁၄အထိ ကုလသမဂ္ဂပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNRWA ၏အကြီးအကဲအဖြစ် စိန်ခေါ်မှုရှိသော ၎င်း၏ ဆောင်ရွက်ချက်လည်းပါဝင်သည်။ ဒိန်းမတ်၏ ဒုက္ခသည်များအပေါ်တင်းကျပ်သည့် ပေါ်လစီများကြောင့်လည်း မစ္စသော်နင်းရှမစ်ကို မရွေးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ဒိန်းမတ်နိုင်ငံသားတစ်ဦးဖြစ်သော မစ္စတာမိုက်ကယ်မိုလာက ဂျီနီဗာရှိ ကုလရုံးကို ကြီးမှူးနေသည့်အတွက်လည်း စိုးရိမ်မှုများလည်းရှိသည်။ UNRWA တွင် ထိပ်တန်းရာထူးများကို လွှဲမယူမီ မစ္စတာဂရန်ဒီသည် အာဖဂန်နစ္စတန်တွင် ကုလ၏အကူအညီပေးရေးမစ်ရှင်ဆိုင်ရာ ဒု-သံတမန်နှင့် အာဖဂန်တွင် ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ မစ်ရှင်အကြီးအကဲလည်းဖြစ်သည်။

ကုလတွင် ၎င်း၏ ၂၅နှစ်ကြာ ဝန်ထမ်းသက်တမ်းကာလတစ်လျှောက် ဆူဒန်၊ ဆီးရီးယား၊ တူရကီနှင့် အီရတ်တို့ရှိ ကုလဒုက္ခသည်များဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

ခန့်အပ်မှုအား လာမည့်သီတင်းပတ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ထောက်ခံမည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly