ဟိုင်ရှန် တိုင်ဖွန်းမုန်တိုင်း ကိုရီးယားနှစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်

ဟိုင်ရှန် တိုင်ဖွန်းမုန်တိုင်း ကိုရီးယားနှစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်
Photo - AFP

စက်တင်ဘာ ၈ 

ဟိုင်ရှန် တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံ တောင်ဘက်ကျွန်းများတွင်အင်အားပြည့်ဖြင့်တိုက်ခတ်ခဲ့ပြီး နောက် စက်တင်ဘာလ ၇ ရက် (တနင်္လာနေ့)တွင် တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက်မြောက်ဘက်သို့ရွေ့လျားတိုက်ခတ်လျက်ရှိသည်။ 

A landslide hit this apartment building in Geoje, South Korea after the typhoon slammed southern Japan with record winds and heavy rains.(Photo - AFP)

အဆိုပါမုန်တိုင်းသည်တစ်နာရီလျှင် ၁၁၂ ကီလိုမီတာနှုန်းဖြင့်တိုက်ခတ်လျက်ရှိသည်။ မုန်တိုင်းကြောင့် ကိုရီးယားကျွန်းဆွယ်အရှေ့တောင်ပိုင်းတွင်မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်လူပေါင်း ၃၁၀၀ ကိုနေအိမ်များမှရွှေ့ပြောင်းပေးခဲ့ရပြီးအိမ်ပေါင်း ၇၅၀၀၀ ကျော်တွင်ယာယီလျှပ်စစ်ဓာတ်အားပြတ် တောက်လျက်ရှိကြောင်း၊ မုန်တိုင်းဒဏ်ခံရသည့်တောင်ပိုင်းဒေသတွင် အနည်းဆုံးလူနှစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိကာ ငါး ဦးဒဏ်ရာရရှိခဲ့သည်ဟုကယ်ဆယ်ရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။ 

ကိုရီးယားကျွန်းဆွယ်အရှေ့တောင်ပိုင်း ဂီယိုဂျီ ကျွန်းတွင် မြေပြိုကျမှုကြောင့်အနီးရှိအဆောက်အဦများ ယိမ်းယိုင်ပြီးသစ်ပင်များအမြစ်မှကျွတ်ထွက်လာသည်ကိုပြည်တွင်းရုပ်သံဌာနများတွင်ပြသခဲ့သည်။ 

ဆိုးလ် မြို့အရှေ့တောင်ဘက် ၃၇၅ ကီလိုမီတာအကွာရှိ ကွမ်ဂျူး မြို့ရှိနယူကလီးယားဓာတ်ပေါင်းဖို  နှစ် ခုကိုပိတ်ထားခဲ့ရသည်ဟု ယွန်ဟက် သတင်းဌာနကဖော်ပြခဲ့သည်။ 

နိုင်ငံတစ်ဝန်းလုံးတွင်လေကြောင်းခရီးစဉ် ၃၄၀ ကျော်၊ ရေကြောင်းခရီးစဉ် ၁၁၄ ခုကိုဖျက်သိမ်းခဲ့ရပြီး ကျောင်းပေါင်း ၆၀၀၀ နီးပါးကိုလည်းအဝေးသင်စနစ်သို့ပြောင်းလဲခြင်း(သို့မဟုတ်)စာသင်ချိန်များကို လျှော့ချခြင်းများပြုလုပ်ခဲ့သည်။ 

High waves batter the coastline of Busan as Typhoon Haishen approaches. (Photo: AFP)

အမျိုးသားဥယျာဉ်များသို့ဝင်ထွက်သွားလာခြင်း၊ အချို့သောရထားလိုင်းဝန်ဆောင်မှုများကို ဆိုင်းငံ့ခြင်း များပြုလုပ်ထားသည်ဟု ကယ်ဆယ်ရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံတွင်တိုင်ဖွန်းအားပျော့သွားချိန်၌လူ လေးဦးပျောက်ဆုံးပြီးလူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ တောင်ဘက်ပိုင်း မိယဇကိ ခရိုင်ရှိ ရွာတစ်ရွာတွင်ဆောက်လုပ်ရေးလုပ်ငန်းရုံးတစ်ရုံးအပေါ်ရွှံ့များပြိုကျ လာသဖြင့်လူ လေးဦးပျောက်ဆုံးလျက်ရှိကြောင်းဖြင့် ကျိုဒို သတင်းဌာနကဖော်ပြခဲ့သည်။ 

ရေကြီးမှုသတိပေးချက်များထုတ်ပြန်ခဲ့ပြီး ယခင်တိုက်ခတ်ခဲ့သောတိုင်ဖွန်းကြောင့်ရေနစ်မြုပ်မှုဒဏ်ခံစား နေရသူအများစုမှာအမိုးအကာအောက်သို့မရောက်ရှိကြသေးကြောင်း၊ အင်္ဂါနေ့ အထိမိုးရွာသွန်းနေမှု ကြောင့် မြောက်ပိုင်းဒေသရှိ မြစ်ချောင်းများမှာမိုးရေချိန် ၂၀၀ မီလီမီတာအထိမြင့်တက်နေကြောင်းဖြင့် မြောက်ကိုရီးယားနိုင်ငံပိုင် KCTV  တွင်ထုတ်လွှင့်ခဲ့သည်။ 

ပြင်းထန်သောရာသီဥတုကြောင့် မြောက်ကိုရီးယား နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍသည်ကျဆင်းလျက်ရှိကာ ယခုနွေရာသီတွင်တိုက်ခတ်ခဲ့သောမုန်တိုင်းများနှင့် ရေကြီးမှုတို့ကြောင့်နိုင်ငံ၏ရိက္ခာအခြေအနေကိုစိုးရိမ် ပူပန်နေရသည့်အနေအထားသို့ရောက်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly