ပေကျင်းကုန်စည်ပြပွဲ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမဆုံးအကြိမ်ပြသ

ပေကျင်းကုန်စည်ပြပွဲ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမဆုံးအကြိမ်ပြသ

စက်တင်ဘာ ၈  

အခုသီတင်းပတ်မှာ ကျင်းပတဲ့ ပေကျင်းကုန်စည်ပြပွဲမှာ အလားအလာရှိတဲ့ ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို ပထမဆုံးအကြိမ် ပြသခဲ့ပါတယ်။  

ဆေးဝါးကုမ္ပဏီတွေဖြစ်ကြတဲ့ Sinovac Biotech နဲ့ Sinopharm တို့ကထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ပြသခဲ့တာဖြစ်ပါတယ်။

ဈေးကွက်ထဲမရောက်သေးပေမယ့် အစောဆုံး ဒီနှစ်အကုန်ပိုင်းလောက် စမ်းသပ်မှုအဆင့် သုံးဆင့်လုံးပြီးခဲ့ရင် ထုတ်လုပ်ခွင့်ရလိမ့်မယ်လို့ ဆေးကုမ္ပဏီတွေက မျှော်လင့်ထားကြပါတယ်။

တနင်္လာနေ့ကကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲမှာတော့ အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပြသထားတဲ့ ပြပွဲတွေနားမှာ ဧည့်သည်တွေ စည်ကားနေခဲ့ပါတယ်။  

ကပ်ရောဂါ ကနဦးကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေရဲ့ ဝေဖန်မှုများစွာခံခဲ့ရတဲ့ တရုတ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။  

ပြပွဲမှာပြသခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ အဆင့်သုံး စမ်းသပ်တော့မယ့် ကမ္ဘာအဝှမ်းက ကာကွယ်ဆေး ၁၀ မျိုးခန့်မှာ ပါဝင်တဲ့ ဆေးတွေဖြစ်ပါတယ်။  

Sinovac ကုမ္ပဏီရဲ့PR ဒါရိုက်တာတစ်ဦးဖြစ်တဲ့ လျူပေချန်က “ကျွန်တော်တို့ ကာကွယ်ဆေးအတွက် အဆင့်တစ်နဲ့ နှစ် စမ်းသပ်မှုကို တရုတ်နိုင်ငံမှာ လုပ်ပြီးသွားပါပြီ။ အဆင့်သုံးစမ်းသပ်မှုကို ဘရာဇီးနဲ့ အင်ဒိုနီးရှားအပါအဝင် ပြည်ပနိုင်ငံတွေမှာ စမ်းသပ်နေပါတယ်။ ဒါရှင်းမြို့မှာလည်း ကာကွယ်ဆေးထုတ် စက်ရုံကို တည်ဆောက်ပြီးစီးသွားပါပြီ။ နှစ်စဉ် ဆေးပမာဏ သန်း ၃၀၀ ထုတ်လုပ်သွားမှာပါ။ ကာကွယ်ဆေးထိရောက်မှု အချက်အလက်တွေကို ဒီနှစ်ကုန်လောက်မှာရနိုင်ပြီး သက်ဆိုင်ရာဌာနတွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အသုံးပြုခွင့်ကိုလည်း နှစ်ကုန်ပိုင်းမှာရဖို့မှန်းထားပါတယ်” လို့ဆိုပါတယ်။  

ဆေးပမာဏ နှစ်ခုအတွက် ကုန်ကျစရိတ်ဟာ ယွမ် ၁ ၀၀၀ အောက် (အမေရိကန်ဒေါ်လာ ၁၄၆ ) ကုန်ကျလိမ့်မယ်လို့ Global Times မှာ ဖော်ပြထားပါတယ်။  

ပြီးခဲ့တဲ့လအထိ ကမ္ဘာတစ်ဝန်းမှာ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ အနည်းဆုံး ၅.၇ ဘီလီယံဟာ ကြိုတင်မှာယူခံထားရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly