စိတ်ဓာတ်ကျနေသူတစ်ဦးကို နှစ်သိမ့်အားပေးနည်း

စိတ်ဓာတ်ကျနေသူတစ်ဦးကို နှစ်သိမ့်အားပေးနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ

| ရေးသားသူ

စိတ်ကျရောဂါ (Depression) ဆိုတာ အတွေ့အများဆုံးသော စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ လူတိုင်းက လောကဓံ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။

ချမ်းသာတဲ့သူမို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ အသက်ငယ်သေးလို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ ဘာအလုပ်မှ မလုပ်တဲ့သူက စိတ်ကျရောဂါ မဖြစ်နိုင်ဘူးဆိုပြီးတော့ တရားသေ တွက်ဆလို့မရပါဘူး။

စိတ်ကျရောဂါ ခံစားနေရသူတွေမှာ ကိုယ့်ရဲ့ ဝေဒနာတွေ၊ အခက်အခဲတွေကို တခြားသူကို ဖွင့်ပြတာမျိုးလည်း ရှိသလို ကိုယ့်ဘာသာမျိုသိပ်ခံစားရင်း၊ အဆင်ပြေအောင် ကြိုးစားရင်းကနေ ပိုကောင်းလာတဲ့သူ သို့မဟုတ် ပိုဆိုးလာတဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းမှာ စိတ်ဓာတ်ကျစေနိုင်လောက်တဲ့ ကိစ္စတွေသည် အနည်းဆုံးတစ်ခုလောက်တော့ ရှိနေနိုင်တယ်ဆိုတာကို ကိုယ်က သိထားဖို့ လိုပါတယ်။

ဒါဆို သူတို့ကို ဘယ်လိုအားပေးမလဲ။

နှစ်သိမ့်အားပေးနည်းက အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကလူအများစုသည် စိတ်ရောဂါနဲ့ ပတ်သက်ပြီး နားမလည်ကြသလို နှစ်သိမ့်အားပေးတာမျိုးလည်း သေချာမလုပ်တတ်ပါဘူး။

လူတိုင်းက ကိုယ်နဲ့ တွေးခေါ်ယူဆပုံချင်း၊ ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံချင်း လုံးဝမတူပါဘူး။ ဒီတော့ အားလုံးကို ကိုယ့်လိုပဲ စိတ်ထားတတ်မယ်လို့ ခံယူထားလို့ မရပါဘူး။

ကိုယ်ချစ်တဲ့သူ၊ ခင်မင်တဲ့သူ သို့မဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်က စိတ်ဓာတ်ကျနေတယ်လို့ ထင်ရတဲ့သူတစ်ယောက်ကို ဒီလိုပြောကြည့်ပါ။

၁။ မင်းခံစားနေရတဲ့ဝေဒနာကို ရင်ဖွင့်ချင်လား။ တခြားသူကို မပြောချင်လဲ ငါ့ကို ရင်ဖွင့်လိုက်လို့ ရပါတယ်။

အနည်းဆုံးတော့ ကိုယ်နဲ့ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ဒီလိုစကားမျိုးပြောပေးခြင်းက သူ့အပေါ်ထားရှိတဲ့ ကိုယ့်ရဲ့ မေတ္တာနဲ့ ဂရုစိုက်ခြင်းကို ဖော်ပြပေးရာရောက်ပါတယ်။

ကိုယ်ဒီလိုပြောလိုက်လို့ လူတိုင်းက ချက်ချင်း ရင်ဖွင့်လာမှာတော့ မဟုတ်ပါဘူး။ အချိန်အတော်တန် စောင့်ပေးပါ။ သူတို့အနေနဲ့ ဖွင့်ပြောဖို့ လိုအပ်လာရင် ဖွင့်ပြောပြီးတော့ အကူအညီတောင်းပါလိမ့်မယ်။

၂။ ငါ့ဘက်က မင်းခံစားနေရတဲ့ အခက်အခဲတွေအတွက် ဘယ်လိုကူညီပေးလို့ရမလဲ။

အခက်အခဲဆိုတာ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာပါ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓာတ်ကျနေသူသည် အားပေးနှစ်သိမ့်မှု၊ မေတ္တာ၊ နွေးထွေးမှု စတာတွေ လိုအပ်တာမျိုးတွေ ရှိပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ စိတ်ဓာတ်ကျနေသူဟာ အစာစားချင်စိတ် မရှိတာ၊ အလုပ်လုပ်ဖို့ အားမရှိတာ၊ အိပ်ရာကနေ မထချင်တာ၊ စကားပြောစရာ လူလိုအပ်နေတာ စတဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။ သူတို့လိုအပ်နေတဲ့အရာတွေကို အကုန်လုံးမဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းလောက် ကူညီပေးလို့ ရပါတယ်။

၃။ မင်းရဲ့စိတ်အခြေအနေကော ဘယ်လိုရှိပြီလဲ။ နေထိုင်ကောင်းရဲ့လား။

စိတ်ဓာတ်ကျခြင်းမှာ သူ့ဘာသာ သက်သာလာတာမျိုးလည်း ရှိသလို ပိုဆိုးသွားတာမျိုးလည်း ရှိပါတယ်။ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ အရမ်းများလွန်းနေရင်တော့ ပိုပြီး ဆိုးသွားတတ်ပါတယ်။ သူတို့ဘက်က စိတ်အခြေအနေ ပြန်ပြီး အနည်ထိုင်လာပြီဆိုရင်တော့ ကိုယ့်အနေနဲ့ အားပေးစကားလေး နည်းနည်းထပ်ပြောလိုက်ပါ။ မကောင်းသေးဘူးဆိုရင် ကိုယ့်အနေနဲ့ ဘာကူညီပေးလို့ ရမလဲ၊ သူ့မှာ ဘယ်လိုပြဿနာတွေ ရှိလဲဆိုတာ မေးကြည့်ပါ။

၄။ မင်းက ငါ့အတွက် အရေးပါတဲ့သူတစ်ယောက်ပါ။

ဒါကတော့ ချစ်ခြင်းမေတ္တာကုထုံးပါ။ လူတစ်ယောက်က ကိုယ့်အပေါ် မေတ္တာရှိတယ်၊ ခင်မင်တယ်၊ အလေးအနက်ထားတယ်၊ ဂရုစိုက်တယ်ဆိုတာ သိရတဲ့အခါ ပျော်ရွှင်မှုဟော်မုန်းတွေ ထွက်လာပြီး စိတ်ထဲမှာဖြစ်နေတဲ့ ဝေဒနာကို အနည်းငယ် လျော့ပါးသွားစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်အပေါ် အမြဲကောင်းပေးနေတဲ့သူတစ်ယောက်ကို ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေ ရင်ဖွင့်ဖို့လည်း ပိုပြီးစိတ်သက်သာရာ ရစေနိုင်ပါတယ်။

၅။ မင်းဒီလိုခံစားနေရတာ ငါစိတ်မကောင်းဘူး၊ ဒါပေမယ့် မင်းလိုအပ်တဲ့အချိန်တိုင်း ကူညီပေးနိုင်ဖို့ ငါအမြဲ အသင့်ရှိနေပါ့မယ်။

ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက လူတစ်ယောက်ရဲ့ စိတ်ကျဝေဒနာကို လုံးဝကုသပျောက်ကင်းလိုက်တာမျိုး မဟုတ်ပေမဲ့ သူတို့ခံစားနေရတဲ့ ဝေဒနာကို ဝေမျှပေးစေဖို့၊ အားပေးနှစ်သိမ့်မှု တစ်ခုရစေနိုင်တာမျိုးတော့ ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို ဒီလိုစကားတွေ အမြဲပြောပေးခြင်းဖြင့် သူတို့အပေါ် ထားတဲ့ ကိုယ့်မေတ္တာကို ပြသပေးပါ။

စိတ်ဓာတ်ကျတယ်ဆိုတာ ကိုယ်တိုင် ဝန်ခံချင်သည်ဖြစ်စေ၊ မဝန်ခံချင်သည်ဖြစ်စေ၊ လက်ရှိ လူ့လောကမှာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ စိတ်ရောဂါဆိုတာလည်း ကင်ဆာဆဲလ်လိုပါပဲ၊ ခန္ဓာကိုယ်ထဲမှာ ဖြည်းဖြည်းချင်း အမြစ်တွယ်ပြီး ပိုဆိုးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ပြဿနာကြီးသွားနိုင်ပါတယ်။ ပတ်ဝန်းကျင်ကလူတွေကို အမြဲအကဲခတ်ပါ။ ကိုယ့်အနေနဲ့ တတ်နိုင်သလောက် ကူညီအားပေးပါ။ ကိုယ်တိုင် စိတ်ဓာတ်ကျရင်လည်း ကိုယ်ချစ်ရသူတွေကို ဖွင့်ပြောပြပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly