အနောက်ဥရောပ၌ ပထမဆုံးအဖြစ် စပိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်ရှိလာ 

အနောက်ဥရောပ၌ ပထမဆုံးအဖြစ် စပိန်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅ သိန်းကျော်ရှိလာ 

စက်တင်ဘာ ၈  

စပိန်နိုင်ငံတွင် စာသင်ကျောင်းများ ပြန်ဖွင့်ချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပြန်လည်မြင့်တက်လာပြီးနောက် စက်တင်ဘာ ၇ ရက်က အနောက်ဥရောပ၌ ရောဂါကူးစက်ခံရသူ ၅၀၀ ၀၀၀ ကျော်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။  

ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း၌ ရောဂါကူးစက်ခံရသူ ၂ ၄၄၀ ဦးရှိခဲ့ပြီး သောကြာနေ့က ကူးစက်ခံရသူစုစုပေါင်း ၄၉၈ ၉၈၉ ဦးရှိရာမှ ၅၂၅ ၅၄၉ ဦးအထိ မြင့်တက်လာခဲ့သည်။  

လတ်တလောကူးစက်မှုများကို လူငယ်များတွင် အများအားဖြင့် တွေ့ရပြီး ကိုယ်ခံအားစနစ်ကောင်းမွန်ကြသောကြောင့် ရံဖန်ရံခါ ရောဂါလက္ခဏာများပင် မပြကြပေ။   နေ့စဉ် ၈၀၀ ဦးထက်မနည်း ပုံမှန်သေဆုံးခဲ့သည့်  မတ်လနှင့်ဧပြီလများထက် သေဆုံးနှုန်း နည်းပါးသည်။  

နွေဦးကာလက ကိုဗစ်-၁၉ ပထမလှိုင်းရိုက်ခတ်စဉ် သက်ကြီးပိုင်းများ သေဆုံးခဲ့ကာ ဆေးရုံများ အခက်အခဲတွေ့ခဲ့ပြီးနောက် အာဏာပိုင်များက လော့ဒေါင်းချမှတ်ပြီး ရောဂါထိန်းချုပ်နိုင်ခဲ့သည်။  

သို့သော် ဇွန်လနှောင်းပိုင်းက ကန့်သတ်မှုများဖြေလျှော့၍ ရောဂါစမ်းသပ်စစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး တစ်နေ့လျှင် ရာဂဏန်းကူးစက်မှုမှ ပြီးခဲ့သည့် ၁၀ ရက်က ၁၀ ၀၀၀ ကျော်အထိ ကူးစက်မှု မြင့်တက်ခဲ့ကာ ပြင်သစ်၊ ဗြိတိန်နှင့်အီတလီကဲ့သို့သော ရောဂါပြင်းထန်စွာခံစားရသည့် နိုင်ငံများကို ကျော်တက်သွားခဲ့သည်။  

စပိန်တွင် ရောဂါစတင်ဖြစ်ပွားကတည်းက သေဆုံးနှုန်းမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး အီတလီ၊ ဗြိတိန်နှင့် ပြင်သစ်တို့ထက် ပိုနည်းသည်။  

တနင်္လာနေ့ (စက်တင်ဘာ ၇) က စပိန်တွင် သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၂၉ ၅၁၆ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly