အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံ ဖြစ်လာ

အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံ ဖြစ်လာ
Photo - AFP

စက်တင်ဘာ ၈

အိန္ဒိယနိုင်ငံဟာ ယမန်နေ့ စက်တင်ဘာ ၇ ရက်မှာ ဘရာဇီးကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒုတိယအများဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ 

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေပေမယ့်လည်း အိန္ဒိယအစိုးရဟာ ကပ်ရောဂါကြောင့် ထိခိုက်ထားခဲ့တဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်နှိုးဆွဖို့အတွက် အားထုတ်ကြိုးပမ်းမှုတွေ လုပ်နေပြီး ယင်းရဲ့ တစ်စိတ် တစ်ဒေသအနေနဲ့ အဓိကကျတဲ့ မြေအောက်ရထားလိုင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်တွေထဲမှာတော့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်မှုရဲ့ ဗဟိုချက်သစ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။  ဒါပေမယ့်လည်း ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကလည်း ဆက်လက်မြင့်တက်နေခဲ့ပြီး ကမ္ဘာတဝန်း ကူးစက်သူဦးရေ ၂၇ သန်းနီးပါး ရှိနေသလို ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူဦးရေဟာလည်း ၈၈၀,၀၀၀ ကို ကျော်လွန်ထားခဲ့ပြီဖြစ်ပါတယ်။ 

ပြင်သစ်၊ အစ္စရေးနဲ့ သြစတြေးလျတို့လို့ နိုင်ငံတွေဆိုရင် ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်မှုကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခရီးသွား ကန့်သတ်ချက်တွေ ဒါမှမဟုတ် ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ မဖြစ်မနေ ချမှတ်ထားခဲ့ရပါတယ်။ 

ကမ္ဘာပေါ်မှာ လူနေအထူထပ်ဆုံး မြို့ကြီးတချို့ရှိနေတဲ့ အိန္ဒိယမှာဆိုရင် ကမ္ဘာမှာ တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံး စံချိန်တွေ ရှိခဲ့သလို တနင်္လာနေ့ကဆိုရင်လည်း ယင်းနိုင်ငံမှာ တစ်နေ့တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှုစံချိန်သစ်အဖြစ် ကူးစက်သူ ၉၁,၀၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။ 

ယင်းအတွက်ကြောင့် အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူစုစုပေါင်းဟာ ၄ ဒသမ ၂ သန်းအထက်ကို ရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက် ဘရာဇီးနိုင်ငံရဲ့ ဗိုင်းရပ်စ် ကူးစက်သူဦးရေကို ကျော်တက်ခဲ့တာဖြစ်ပါတယ်။ 

ခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆ ဒသမ ၂၅ သန်းခန့် ရှိနေတဲ့ အမေရိကန်ပြီးရင် အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်နေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly