ကရင်ပြည်နယ်က မဟာမဲခေါင်ဒေသခွဲ လမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် -ADB ချေးငွေဖြင့် အဆင့်မြှင့်မည်

ကရင်ပြည်နယ်က မဟာမဲခေါင်ဒေသခွဲ လမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် -ADB ချေးငွေဖြင့် အဆင့်မြှင့်မည်
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် အာရှ စီးပွားကုန်သွယ်ရေးလမ်းမကြီးအား မေလ ၂၀ ရက် ၂၀၁၅ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည) မဇ္စျိမ)

အန္ဒိယ နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ဖြတ်သန်းဖောက်လုပ်ထားသည့် မဟာမဲခေါင်ဒေသခွဲ (GMS) အရှေ့အနောက် စြင်္ကန်လမ်း၏ ကရင်ပြည်နယ်တွင်း ဖောက်လုပ်ထားသည့် အပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် -ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ရန် ADBက အမေရိကန်ဒေါ်လာ သန်း ၁၀၀ချေးရန် အတည်ပြုလိုက်ပြီဖြစ်သည်။

ယင်း မဟာမဲခေါင်လမ်းပိုင်းသည် နှစ်ပေါင်းများစွာ ပဋိပက္ခ စစ်ပွဲများကြောင့် ဆင်းရဲနွမ်းပါးမှု ခံစားခဲ့ရသည့် ကရင်ပြည်နယ်တွင် မြန်မာ နှင့် ထိုင်းနိုင်ငံကြား ကုန်းလမ်းကုန်သွယ်မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ပို့ဆောင်ရာမှာ အရေးပါလှသည့် လမ်းမကြီး တစ်ခုလည်းဖြစ်သည်။

"အခုလမ်းပိုင်းကို အဆင့်မြှင့်တင်မှုဟာ မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက်စြင်္ကံရဲ့ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ လမ်းပိုင်းတွေကို အဆင့်မြှင့်တင်မှု လုပ်ငန်း ပြီးစီးမှုပါပဲ" ဟု ADB အရှေ့တောင် အာရှဌာနမှ ပို့ဆောင်ရေးကျွမ်းကျင်ပညာရှင် ဂျမ်းစ်လယ်သာက ပြောသည်။

ယင်းလမ်းမကို GMS လမ်းကွန်ရက်စံချိန်စံညွှန်းနှင့်အညီ အဆင့်မြှင့်မည်ဖြစ်ပြီး စက်ဘီး၊ ဆိုင်ကယ် နှင့် စိုက်ပျိုးရေးကုန်စည်များ သယ်ဆောင်ရာတွင် ယာဉ်ငယ်များ အသုံးပြုသွားလာနိုင်ရန် လမ်းမပုခုံးသားကိုလည်း တိုးချဲ့မည်ဖြစ်သည်။ လမ်း၏ ကွေ့ကောက်နေသော အချို့အစိတ်အပိုင်းများကို ပြန်လည် ချိန်ညှိသွားမည့်အပြင် ရေလွှမ်းမိုးခံ၊ ရာသီဥတုဒဏ် ခံနိုင်သည့် နည်းလမ်းများပါ ထည့်သွင်းတည်ဆောက်သွားမည်ဟု ADBက ထုတ်ပြန်ထားသည်။

ယင်းအပြင် ကုန်သွယ်မှုကွန်ရက်ကို အထောက်အကူ ပြုမှု တစ်စိတ်တစ်ဒေသအဖြစ် ကျုံဒိုးဆိပ်ကမ်းသို့ ချဉ်းကပ်လမ်းကိုပါ ပြုပြင်အဆင့်မြှင့် တည်ဆောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ထိုလမ်းမကြီးကို အဆင့်မြှင့်ပြီးပါက ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့မှ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်တို့အထိ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ ယင်း အိန္ဒု နှင့် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးကြားလမ်းပိုင်းကို အဆင့်မြှင့်ရန် ထိုင်းအစိုးရ၏ အကူအညီဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တည်ဆောက်- လုပ်ငန်းလည်ပတ်- ပြန်လည်အပ်နှံ ပုံစံဖြင့် အဆင့်မြှင့်တင်   ဆောင်ရွက်ထားသည်ဟုလည်း သိရသည်။

ယခုစီမံကိန်းအတွက် ADBက အထူးသက်သာချေးငွေရန်ပုံငွေအဖြစ် ထောက်ပံ့ခြင်းဖြစ်ပြီး အာဆီယံ အခြေခံ အဆောက်အအုံ ရန်ပုံငွေကတစ်ဆင့်လည်း ပူးတွဲငွေကြေး အထောက်အပံ့အဖြစ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ကို ယခုစီမံကိန်းအတွက် ကူညီအုံးမည်ဖြစ်သည်။ မြန်မာအစိုးရကလည်း ထိုလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ဒသမ၈သန်း စိုက်ထုတ်အကုန်ကျခံ မည်ဖြစ်ကာ ယင်းစီမံကိန်းကို ၂၀၁၉တွင် ပြီးစီးရန် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly