ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရဆေးရုံများတွင် COVID-19 ဆေးရုံသုံးပစ္စည်းများ မလုံလောက်၍ အလှူခံ

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရဆေးရုံများတွင် COVID-19 ဆေးရုံသုံးပစ္စည်းများ မလုံလောက်၍ အလှူခံ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

စက်တင်ဘာလ ၇           

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ရှိ ထိုင်းအစိုးရဆေးရုံများတွင် မြန်မာလူနာများကို ကုပေးနေရသည့်အတွက် COVID-19 ရောဂါ ကာကွယ်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လိုအပ်နေသောကြောင့် အလှူခံနေရကြောင်း သိရသည်။

တာ့ခ်ခရိုင်ရှိ အစိုးရဆေးရုံများတွင် ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဖြစ်စဉ်က သုံးစွဲခဲ့သည့်အတွက် ဆေးရုံသုံး အကာအကွယ်ပစ္စည်းများ ပြတ်သလောက် ဖြစ်နေကြောင်း၊ အစိုးရဆေးရုံများတွင် N95 နှာခေါင်းစည်းများ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများနှင့် တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ လိုအပ်နေခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၇ နေ့ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ အများပြည်သူထံ အကူအညီတောင်းခံခြင်းကို မဲဆောက်ဆေးရုံမှ သမားတော်ကြီး ဒေါက်တာ နတ်တာဂန် ချူအင်ချွန်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာ နတ်တာဂန်က သူမ၏ Facebook ပို့စ်တွင် ထိုင်း-မြန်မာ နယ်စပ်ဧရိယာရှိ အစိုးရဆေးရုံများတွင် အခက်အခဲနှင့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကိစ္စကို ရေးတင်ခဲ့သည်။

နယ်စပ်ရှိ ဆေးရုံများတွင် ရေစိုခံလက်အိတ်များ၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊ သန့်ရှင်းရေးပစ္စည်းများနှင့် မျက်နှာအကာအကွယ်များလည်း လိုအပ်ကြောင်း ဒေါက်တာ နတ်တာဂန်က ဖော်ပြထားသည်။    

အစိုးရဆေးရုံများဖြစ်သည့် မဲဆောက်ဆေးရုံ၊ တာဆောင်ယန်ဆေးရုံ၊ မယ်ရာမတ်ဆေးရုံ၊ ဖော့ဖရဆေးရုံ၊ အုန်းဖန်ဆေးရုံတို့သို့ ပစ္စည်းအလှူများအပြင် ငွေကြေးကိုလည်း တိုက်ရိုက်လှူဒါန်းနိုင်ကြောင်း ဒေါက်တာ နတ်တာဂန်က ပြောသည်။

“ပထမအကျော့ ကပ်ရောဂါကြောင့် ဆေးရုံသုံးပစ္စည်းတွေ ကျွန်မတို့ဆီမှာ အခု ပြတ်လတ်နေပါတယ်။ ဘတ်ဂျက်ကလည်း ကုန်သလောက်ဖြစ်နေပါပြီ။ ဘာမှမကျန်တော့သလောက်ပါပဲ” ဟု သမားတော်ကြီးက ရေးသားထားသည်။

မဲဆောက်ဆေးရုံအနေဖြင့် အလျင်တစ်ကြိမ်တုန်းကကဲ့သို့ တောင့်ခံနိုင်စွမ်းမရှိနိုင်တော့ကြောင့်လည်း သူမက ဝန်ခံထားသည်။

တစ်ခါတစ်ရံတွင် မြန်မာလူနာများသည် အရေးပေါ်အခြေအနေရောက်မှ နယ်စပ်မှတစ်ဆင့် ရောက်လာတတ်ကြောင်း၊ ဆေးရုံအနေဖြင့်လည်း လူနာကို ပြန်မပို့ခိုင်းနိုင်ကြောင်း၊ လူနာအသက်ကို ကယ်ဆယ်ရာတွင် ကျန်းမာရေးလုပ်သားများသည် ထိုင်းနိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်မှု ဆက်မဖြစ်စေရေး အကောင်းဆုံး ကာကွယ်ထားရန် လိုအပ်ကြောင်းလည်း သူမက ပြောသည်။

မကြာသေးခင်ရက်ပိုင်းအတွင်း ညတစ်ညက ထိုင်းလုံခြုံရေးတာဝန်ရှိသူများသည် မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းမိခဲ့ရာ ၎င်းတို့အနက် နှစ်ဦးမှာ ကိုယ်ပူရှိန်အလွန်မြင့်တက်နေသည့်အတွက် COVID-19 ရောဂါ စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

မဲဆောက်တစ်မြို့တည်းတွင်ပင် ထိုင်းနိုင်ငံသား ၃ သိန်းနှင့်နယ်စပ်ဧရိယာများတွင် မြန်မာနိုင်ငံသား ၃ သိန်းရှိနေသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ အစိုးရဆေးရုံများအနက် ထိုင်း-မြန်မာနယ်စပ်ဧရိယာရှိ ဆေးရုံများ၏ အလုပ်ဝန်မှာ အ ခြားအစိုးရဆေးရုံများထက် နှစ်ဆမှ သုံးဆအထိ ရှိနေသည်။

ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၇ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၄၄၅ ဦး၊ ရောဂါမှ ပြန်လည်သက်သာလာသူ ၃၂၈၁ ဦး၊ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၈ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly