ရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေသို့ဝင်ရောက်

By AFP
07 September 2020
ရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေသို့ဝင်ရောက်
Photo - AFP

စက်တင်ဘာ ၇  

စက်တင်ဘာ ၇ ရက်မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ စူမာတြားကျွန်းက ကမ်းခြေကို ရိုဟင်ဂျာ အယောက် ၃၀၀ နီးပါး ဝင်ရောက်လာခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။  

ဒါဟာ နှစ်ပေါင်းများစွာအတွင်း မွတ်စလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားကို မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာတွေ အများအပြား ပြောင်းရွှေ့လာမှုတွေထဲက တစ်ခုဖြစ်ပါတယ်။  

ဆူမားတြားရဲ့မြောက်ဘက်ကမ်းရိုးတန်း အာချေးပြည်နယ် လို့ခ်ဆူမာဝေမြို့အနီးမှာ ဒေသခံတွေက ကလေး ဒါဇင်ကျော်ပါတဲ့ နေရပ်ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ပင်လယ်ပြင်မှာတွေ့မြင်ခဲ့ပြီး ကူညီခဲ့တာဖြစ်တယ်လို့ အူဂျွန်းဘလန်ရွာအကြီးအကဲ မူနာကက်အလီ က AFP ကို ပြောပါတယ်။ 

“အူဂျွန်းဘလန်ရွာက ကမ်းခြေဆီ လှေတစ်စီးလာနေတာကို မြင်ခဲ့တာပါ။ နောက်ပြီး သူတို့ကို ဘေးကင်းအောင် ကူညီပေးခဲ့ပါတယ်” လို့ အလီက ပြောပါတယ်။  

အမျိုးသား ၁၀၂ ယောက်၊ အမျိုးသမီး ၁၈၁ ယောက်နဲ့ ကလေး ၁၄ ယောက်ပါပြီး တစ်ယောက်လောက်က ဖျားနေလို့  ဆေးရုံကို အားချင်းပို့ခဲ့ရပါတယ်။ သူတို့အဖွဲ့ကို ကိုရိုနာဗိုင်းရပ်စ်စစ်ဖို့လိုပါတယ် ။ အစိုးရက နောက်ကျရင် သူတို့အတွက် သင့်တော်တဲ့နေရာရှာပေးပါလိမ့်မယ်” လို့ ဒေသခံတပ်အကြီးအကဲ ရိုနီမာဟန်ဒရာ ကပြောပါတယ်။  

ရွှေ့ပြောင်းဝင်ရောက်လာသူတွေဟာ ဘယ်လို ရေယာဉ်အမျိုးအစားကိုစီးပြီး အချိန်ဘယ်လောက်ကြာ ပင်လယ်ပြင် ဖြတ်သန်းခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

၂၀၁၅ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားဆီကို အကြီးမားဆုံး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဝင်ရောက်လာမှုဖြစ်ပါတယ်။  

ဇွန်လတုန်းကလည်း အမျိုးသမီးနဲ့ ကလေးအများစုပါတဲ့ ရိုဟင်ဂျာ ၁၀၀ ခန့်ဟာ ဒီဒေသကိုပဲဝင်ရောက်လာခဲ့ပြီး လေးလကြာ ပင်လယ်ပြင်ဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီတုန်းကလည်း ရိုဟင်ဂျာတွေဟာ လူကုန်ကူးသမားတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရပြီး အသက်ရှင်ဖို့ရာ ကိုယ့်ကျင်ငယ်ရေ ကိုယ်သောက်ခဲ့ကြရတယ်လို့ပြောပါတယ်။  

ရွှေ့ပြောင်းလာသူတွေရဲ့ပြောပြချက်အရ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က ကယ်ဆယ်ရေးစခန်းတစ်ခုအနီးမှာ ဒီနှစ်အစောပိုင်းက စနေခဲ့ကြတယ်လို့ ဆိုပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly